အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ

၂၆ အောက်တိုဘာ

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။

ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင်၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် ၁၈ နှစ်ကျော်နေပြီ ကိုယ့်အရပ်ကိုလည်း စိတ်တိုင်းမကျဘူးဆိုရင် ထပ်ပြီး အရပ်ရှည်လာအောင် ဒါလေးတွေ လုပ်ကြည့်ပါ။

အစားကို သေချာရွေးစားပါ။

ကိုယ်ခန္ဓာရဲ့ ကြီးထွားဖွံ့ဖြိုးမှု အားလုံးဟာ အစားအသောက်ပေါ်မှာ ၁၀ဝ ရာခိုင်နှုန်းမှီခိုနေတာပါ။ ဒီတော့ အရပ်ရှည်စေတဲ့ အစားအသောက်တွေ များများစားပါမှ ကြီးထွား ဟော်မုန်းတွေပါ လှုံ့ဆော်ပေးသလိုဖြစ်လို့ ပုနေတဲ့အရပ် ရှည်ထွက်လာမှာပါ။ ဒီတော့ဘယ်လို အစားအသောက်တွေ စားရမှာလဲ။

ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားစားများ – ခေါင်းတစ်ရာသား၊ အရိုးပြုတ်ဟင်းချို

ဗီတာမင် D – အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ တူတူပေါင်းအလုပ်လုပ်တဲ့ ဗီတာမင် D ကို မနက်ပိုင်းနေရောင်ခြည်ခံပေးတာနဲ့တင်ရပါတယ်။

ဗီတာမင် B1 – အမဲသား၊ အသဲအမြစ် ၊ အုတ်ဂျုံ

ဇင့် – အစေ့အဆံများ၊ ကောက်ပဲသီးနှံ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ အရှည်တဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့ အ စားအသောက်တွေပါ။

မနက်စာ မှန်မှန်စားပါ။

လူတိုင်း အမှတ်မှားနေကြတဲ့ ကိစ္စတစ်ခုက မနက်စာမစားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတာပါပဲ။ တကယ်တော့မှားနေပါတယ်။ မနက်စာမစားရင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မယ့်အပြင် အစာအိမ်ရောဂါတောင်ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုတောင် မရတော့လို့မနက်စာ မှန်မှန်မစားတဲ့သူတစ်ယောက်ဟာ အရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ။

ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဟာ အရပ်ရှည်ချင်တဲ့သူတစ်ယောက်အတွက် အရေးပါလှတဲ့ လေ့ကျင့်ခန်းတွေပါ။ အဲထဲမှာ အထူးခြားဆုံးကတော့ ဘားတန်းခိုပြီး ဘားတန်းပေါ် ခေါင်းရောက်အောင်တင်တာနဲ့၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်တာနဲ့ ယောဂေလ့ကျင့်တာတို့ ဖြစ်ပါတယ်။ 

အိပ်ရေးဝဝအိပ်ပါ။

အိပ်ချိန် အပြောင်းအလဲကလည်း ကြီးထွားစေတဲ့ ဟော်မုန်းအပေါ်ကို အများကြီးသက်ရောက်တဲ့ အရာတစ်ခုပါ။ တစ်ရက်ကို ၈နာရီကနေ ၁၀ နာရီ အထိအိပ်ပေးမှ ကိုယ်ခန္ဓါက ကြွက်သားတွေ ပြေလျော့သွားပြီး ဆန့်နိုင်မှာဖြစ်လို့ အရပ်ရှည်ထွက်လာမှာပါ။

အားကစားတစ်ခုခု လိုက်စားပါ။

အားကစားသမားတွေထဲမှာ သေးသေးကွေးကွေး ဘယ်နှစ်ယောက်များ တွေ့ဖူးပါလဲ။ အားကစားသမားတွေကို ကြည့်လိုက်ရင် အရပ်တွေ အရှည်ကြီး လူကောင်တွေ အကြီးကြီးတွေ များပါတယ်။ ဘက်စ်စကက်ဘော သမားတွေဆိုပိုပြီးရှည်တာပေါ့။ ဒီနိုင်ငံမှာက ဘက်စ်စကက်ဘောကို အားကစားက သိပ်ပြီး မတွင်ကျယ်သေးတာကြောင့် အရပ်ရှည်တဲ့ အားကစားတစ်ခုခု လိုက်စားချင်ရင် ကြက်တောင်ရိုက်တာတို့၊ ရေကူးတာတို့ လုပ်ပေးလို့ရပါတယ်။

ခါးကိုမတ်မတ်ထားပါ။

ထိုင်တဲ့အချိန်မှာ ခါးကိုကုန်းပြီးထိုင်တာမျိုး၊ ပျင်းတွဲတွဲနဲ့ နောက်လျှောထိုင်နေတာမျိုးတွေက အရပ်ရှည်ဖို့အတွက် နှောင့်ယှက်နေတဲ့ အရာတွေပါ။ အရပ်ကလေး ဆန့်ဆန့်ရှည်ထွက်ဖို့ဆိုရင်တော့ ခါးကိုမတ်မတ်ထားပြီ ထိုင်တဲ့အကျင့်ကို မွေးရပါမယ်။

ဆေးလိပ် အရက်တို့ကနေ ဝေးဝေးရှောင်ပါ။

ဆေးလိပ်တို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါအတွက် ဆိုးကျိုးတွေပဲ ပေးတယ်ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ ဆယ်ကျော်သက်အရွယ်တည်းက ဆေးလိပ်တွေ အရက်တွေ သောက်တတ်နေပြီဆိုရင်တော့ ရှည်ထွက်ဖို့တာဆူနေတဲ့ အရပ်လည်း တန့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်က အရပ်ရှည်ချင်ရင် ဆေးလိပ် အရက်တို့နဲ့ ဝေးဝေးရှောင်ပါ။


ရေးသားသူ- Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”