တိုကျို  ဧပြီ  ၆

ဂျပန်နိုင်ငံအနောက်ပိုင်း အဲဟိမဲခရိုင်တွင် နေထိုင်သော အသက် ၈၀ ကျော်အရွယ်  အမျိုးသမီးကြီးတစ်ဦးကို   ရဲနှင့်  ရှေ့နေများအဖြစ် ဟန်ဆောင်သူများက ယန်း ၁ ဒသမ ၂ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း လိမ်ညာရယူသွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက   အဆိုပါအမှုကို  အထူးလိမ်လည်မှုအဖြစ်သတ်မှတ်ပြီး  စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်သူများက ၎င်းတို့၏ပစ်မှတ်သားကောင်များကို ဖုန်းဖြင့်သော်လည်းကောင်း၊  တခြားနည်းလမ်းများဖြင့်သော်လည်းကောင်း၊ ဆက်သွယ်လာပြီး  မိသားစုဝင် များအဖြစ်သော်လည်းကောင်း သို့မဟုတ် အခွင့်အာဏာရှိသူများအဖြစ်သော်လည်းကောင်း ဟန်ဆောင်လိမ်ညာပြီး ငွေကြေးလိမ်လည်ရယူခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ  လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် အမျိုးသမီးကြီးတစ်ဦး ယခုလို ငွေကြေးလိမ်လည်ခံလိုက်ရသေးကြောင်း သိရသည်။ အဆိုပါအမှုတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် ဟန်ဆောင်ထားသူတစ်ဦးက အဆိုပါအမျိုးသမီးကြီးကို ဖုန်းဖြင့်ဆက်သွယ်လာပြီး    အမျိုးသမီးကြီး၏ ကျန်းမာရေးအာမခံကတ်သည် မတရားသောနည်းဖြင့် အသုံးချခံနေရကြောင်းနှင့် ရဲစခန်းကို ဆက်သွယ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ရဲနှင့်ရှေ့နေများအဖြစ် ဟန်ဆောင်လိမ်ညာသူများက လူမှုမီဒီယာမှတစ်ဆင့် အမျိုးသမီးကြီးကို ဆက်သွယ်လာပြီး  သူမ၏အကောင့်မှာ ငွေကြေးခဝါချရာတွင် အသုံးချခံနေရကြောင်း ပြောကြားပြီး ကတ်ထဲတွင် ရှိသမျှငွေအကုန်လွှဲပေးရန် ဖျားယောင်းပြောဆိုခဲ့ကြသည်။

အဆိုပါအမှုတွင် အမျိုးသမီးကြီးသည်  ယန်း ၁ ဒသမ ၂ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့သည်။  နောက်ပိုင်းတွင်   အမျိုးသမီးကြီးသည်  မိမိကိုဆက်သွယ်လာသူများကို ပြန်လည်ဆက်သွယ်၍ မရတော့ပေ။ ရဲတပ်ဖွဲ့ဝင်များနှင့်  တွေ့ဆုံပြီးနောက်မှ   ၎င်းအလိမ်ခံလိုက်ရကြောင်း   သိရှိခဲ့ခြင်းဖြစ်သည်။

အင်န်အိတ်ချ်ကေ