အသက်(၁၅)နှစ်အရွယ် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ခဲ့သူသုံးဦးကို မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်

မြဝတီ ၁၆ ဇန်နဝါရီ

 

ကရင်ပြည်နယ် မြဝတီမြို့တွင် အသက်(၁၅)နှစ်အရွယ် (ဉာဏ်ရည်မမီသူ) အမျိုးသမီးတစ်ဦးကို သားမယားအဖြစ်ပြုကျင့်၍ မြဝတီခရိုင်တရားရုံးက စစ်ဆေးနေသောအမှုမှ ပြစ်မှုကျူးလွန်သူသုံးဦးကို ဇန်နဝါရီ ၁၅ ရက်က ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

 

အမှုဖြစ်စဉ်မှာ  မြဝတီမြို့ အမှတ်(၂) ရပ်ကွက်နေ ဒေါ်တင်စန်းရီ (၅၇)နှစ်၏ တူမဖြစ်သူ (၁၅)နှစ်အရွယ် မ----မှာ ဆီးအိမ်အောင့်နေကြောင်း အဒေါ်ဖြစ်သူအား ပြောပြ၍ အကျိုးအကြောင်းမေးမြန်ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် တံခါးခေါက်သံကြားရသဖြင့် တံခါးခေါက်သူမှာ အစ်ကိုဝမ်းကွဲဖြစ်သူထင်၍ တံခါးဖွင့်ပေးခဲ့ရာ မျက်နှာချင်းဆိုင်အိမ်တွင် နေထိုင်သော အမျိုးသားတစ်ဦးဖြစ်နေပြီး မ------ (၁၅)နှစ်အား ပါးစပ်ပိတ်၍ ၎င်းနေအိမ်သို့ ပွေ့ခေါ်သွားပြီး နေအိမ်အောက်ထပ်တွင် အလိုမတူပဲ သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် နောက်ထပ် အမျိုးသားနှစ်ဦးကလည်း သားမယားအဖြစ် (၁)ကြိမ်စီ ထပ်မံပြုကျင့်ကြောင်း ပြောပြသိရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သွားရောက်အကြောင်းကြားခဲ့ရာ အမှတ်(၂)ရပ်ကွက် နတ်စင်ကုန်းအပိုင် ဆယ်အိမ်မှူး ကိုဇော်မိုးနှင့်အဖွဲ့ ရောက်ရှိလာပြီး အမျိုးသမီးအား သက်သေများရှေ့ မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများမှာ မျက်နှာချင်းဆိုင် နေအိမ်မှ ညီအစ်ကိုသုံးဦးဖြစ်သော ကျော်မျိုးဦး (ခ) ဘာကယ် (၃၀)နှစ် ကျော်ဝေဦး (ခ) ကမာဖိုး (၂၇)နှစ်နှင့် ကျော်မင်းဦး (ခ) အိုမယ် (၂၄)နှစ်တို့ဖြစ်ကြောင်း သိရှိရ၍ ဒေါ်တင်စန်းရီက တရားလိုပြုလုပ်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့်  မြဝတီမြို့မရဲစခန်းက (ပ)၈၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ.၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

အမှုအား မြဝတီမြို့မရဲစခန်းမှူး ကိုယ်တိုင်စစ်ဆေး၍ မြဝတီခရိုင်တရားသို့ တရားစွဲတင်ပို့ခဲ့ရာ မြဝတီခရိုင်တရားရုံးက အမှုအမှတ် ၃၃/၂၀၁၈ ဖြင့် လက်ခံ၍ ခရိုင်တရားသူကြီး ဦးကော်နေမူးက စစ်ဆေးခဲ့ပြီး အမှုမှတရားခံသုံးဦးအား  ပြစ်မှုထင်ရှား၍ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် (၂၀) စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)