အသက်ကိုနှင်း၍ ပေးခဲ့သော … ထိုကတိ

သီဟစည်သူ

တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်မှသာ အကျိုးရှိနိုင်တယ်။

(၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ပင်လုံစော်ဘွားများ ညစာထမင်းစားပွဲတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မြွက်ကြားချက်)

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့သို့ တစ်ဖန်ရောက်ပြန်တော့မည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် အားကြိုးမာန်တက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၇၆ နှစ်သို့တိုင်ခဲ့ပြီ။

ဤနေ့ ဤရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဩဝါဒများကို ပြည်သူတစ်ရပ်လုံးက ပြန်လည်အောက်မေ့ကြရသည်။ ဗိုလ်ချုပ်၏ မျှော်မှန်းချက်များအတိုင်း ဆက်လက်ကြိုးပမ်းကြရန် အားသစ်မွေး၍ မာန်သစ်ဆောင်ကြရသည်။ တစ်မျိုးသားလုံး၏ ဦးတည်ချက်ကား အခြားမဟုတ်၊ “တိုင်းရင်းသား သွေးစည်းညီညွတ်ရေး” ပင် ဖြစ်သည်။

အသက်ကိုနှင်း၍ ပေးခဲ့သောထိုကတိ

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဗိုလ်ချုပ်ပေးခဲ့သော ထိုကတိမှာ “ပြည်ထောင်စုကြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်” ဟူသော ကတိပင် ဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့သည် မြန်မာပြည်ကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်တစ်နိုင်ငံအဖြစ် ထူထောင်နိုင်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြနှင့် အခြားသော ကောင်စီဝင် ပုဂ္ဂိုလ်များ ပါဝင်သည့် လွတ်လပ်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ ဘိလပ်သို့ သွားရောက်ခဲ့သောနေ့ပင် ဖြစ်လေသည်။ ထိုခရီးစဉ်အတွင်း ဇန်နဝါရီလ ၂၇ ရက်နေ့၌ “အောင်ဆန်း - အက်တလီ” စာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပြီး မြန်မာပြည်တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရေးအတွက် အခြေခံ အုတ်မြစ်ချမှတ်နိုင်ခဲ့သည်။

ထိုကတိအတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းပြည်လွတ်လပ်ရေးကို ရရှိခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ကျွန်သက်ရှည်နေခဲ့သော တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ခွင့်ရခဲ့သည်။

နိုင်ငံပြန်လည်ထူထောင်ရေး ကြိုတင်မြော်တွေး

အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်ကာလအတွင်း တစ်နေ့တစ်ချိန် နိုင်ငံပြန်လည်ထူထောင်ရေး ကိစ္စများအတွက်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်မြော်တွေးမှာကြားခဲ့သည်။ “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့လူတွေ မှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်” ဟု သောင်းကျန်းမှု နှိမ်နင်းရေးကိစ္စကို ကြိုတင် ဟောပြောခဲ့သည်။ အဖျက်သမား၊ ဆူပူရေးသမားတို့၏ အန္တရာယ်ဟန့်တားရေးကို လမ်းညွှန်ခဲ့သည်။ သောင်းကျန်းမှုရှိလျှင် တိုင်းရင်းစည်းလုံးညီညွတ်ရေးကို ထိခိုက်သည်။ ထို့ကြောင့်လည်း “တိုင်းသူပြည်သား လူအများဟာ ဥမကွဲ၊ သိုက်မပျက် တစ်ညီ တစ်ညွတ်တည်း စည်းကမ်းတကျရှိဖို့လိုတယ်” ဟု ပြောခဲ့ခြင်းဖြစ်ပေလိမ့်မည်။ အမျိုးသား ခေါင်းဆောင်ကြီး၏ဆန္ဒမှာ နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညာစွာ ပါဝင်ဆောင်ရွက်ကြရန်ပင်ဖြစ်သည်။

သို့သော်လည်း တိုင်းရင်းသားချင်း သွေးကွဲမှု အန္တရာယ်သည် လုံးဝကင်းစင်ခြင်း မရှိသေး၊ တိုင်းပြည်တိုးတက်စည်ပင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွင် အားလုံးပါဝင်လာရေးဟူသည့် တာဝန်များသည် အဆုံးတိုင် ပြီးစီးအောင်မြင်ခြင်း မရှိသေး။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်၊ လမ်းကြောင်း သာဖြစ်သည်ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးလည်း ဖြစ်သည်။

တူညီသော ဂုဏ်ဒြပ်တစ်ခု

ယခုကဲ့သို့ အာဇာနည်နေ့အချိန်အခါ ရောက်တိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီးများ အပါအဝင် မရေမတွက်နိုင်သော အာဇာနည်အပေါင်းတို့၏ ဂုဏ်ကျေးဇူးနှင့် ၎င်းတို့၏ ရည်မှန်းချက်၊ ကြိုးပမ်းချက်များကို ဖော်ပြရလျှင် ဆုံးနိုင်ဖွယ်မရှိချေ။ အာဇာနည်များ အားလုံးသည် ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ တူညီသော ဂုဏ်ဒြပ်တစ်ခု ကား ရှိကြသည်ချည်းပင်ဖြစ်သည်။

ထိုတူညီသောဂုဏ်ဒြပ်မှာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးအတွက် အသက်ကိုပင် မငဲ့ကွက် သော၊ ကိုယ်ကျိုးစွန့်မှုတည်းဟူသော ဂုဏ်ဒြပ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် “အာဇာနည်ဟူသည် အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာ သိသောသူ သို့မဟုတ် သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်သူ” ဟူ၍ မြန်မာအဘိဓာန်၌ ဖွင့်ဆိုထားသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကား ကြီးမားလှပေစွ။ 
ထိုထိုသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် အပေါင်း၏ ကိုယ်ကျိုးစွန့်မှုသည် တိုင်းပြည်နှင့် လူမျိုးအား ဖက်ဆစ်စနစ်အောက်မှ လွတ်မြောက်စေခဲ့သည်။ နယ်ချဲ့ကိုလိုနီစနစ် လက်အောက်မှ လွတ်မြောက်စေခဲ့သည်။ အရင်းရှင်၊ မြေရှင် ပဒေသရာဇ်စနစ်ဆိုးအောက်မှ လွတ်မြောက်စေခဲ့သည်။ စနစ်ဆိုးအမျိုးမျိုးမှ လွတ်မြောက်ခဲ့ကြပြီးဖြစ်သော်လည်း အာဇာနည်အပေါင်းတို့၏ ရည်မှန်းရှေးရှုခဲ့ကြသည့် ခရီးပန်းတိုင်ကားမဆုံးသေး၊ ဆက်လက်ချီတက်၊ ဆက်လက်ကြိုးပမ်း၊ ဆက်လက်လုပ်ဆောင်ကြရန်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ် လုံး၏ တာဝန်သာ။

သမိုင်းပေးတာဝန်

ကျွန်ုပ်တို့သည် “အာဇာနည်နေ့ တို့မမေ့” ဟူ၍ တမ်းတကြွေးကြော်နေရုံဖြင့်  အာဇာနည် ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာ မရောက်နိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းသာယာသော တိုင်းပြည်တည်ဆောက်ရေးတို့ကို ပြည်ထောင်စု စိတ်ဓာတ်ပြည့်ပြည့်ဝဝဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပြီး ဗိုလ်ချုပ်တို့ အရယူပေးခဲ့ သောလွတ်လပ်ရေးကြီးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပေသည်။

အာဇာနည်တို့ ထားရစ်ခဲ့သည့် သမိုင်းပေးတာဝန်ကို အာဇာနည်စိတ်ဓာတ်၊ အာဇာနည်အကျင့် သိက္ခာတို့ဖြင့်သာ ပြီးမြောက်စေနိုင်မည်ဖြစ်သည်။ ထိုစိတ်ဓာတ်၊ ထိုအကျင့်သိက္ခာကား တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်သော စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်သော အကျင့်သိက္ခာပင် ဖြစ်သည်။

အာဇာနည်နေ့သည် လွမ်းဆွတ်တမ်းတသည့် အထိမ်းအမှတ်နေ့မျှသာဖြစ်နေလျှင် အဓိပ္ပာယ် မပြည့်စုံ၊ ကိုယ်ကျိုးစွန့်သော အာဇာနည်စိတ်ဓာတ်ကို အမွေခံရန် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သည့် စိတ်ဓာတ်နှင့် အကျင့်သိက္ခာကို ခံယူအောက်မေ့နိုင်မှသာ အာဇာနည်နေ့၏ အနှစ်သာရသည် ပြည့်ဝလာနိုင်ပေလိမ့်မည်။

ကိုးကား - ၁၉၇၄ - ၁၉၇၇ ခုနှစ်ထုတ် ဟံသာဝတီ သတင်းစာများ။