အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်

နေပြည်တော်   ဇန်နဝါရီ   ၂၅

နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း ကျေးရွာအုပ်စု၊ လေသာ(တောင်)ကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးတော်မူသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး အသုံးချစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခု တတ်မြောက်ခဲ့သဖြင့် လက်တွေ့ နယ်ပယ်တွင် တတ်မြောက်ခဲ့သည့် ပညာများနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်စေလိုကြောင်း” သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပထမထူးချွန်ဆုရ မသဲအိဖြူအား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဒုတိယထူးချွန်ဆုရ မမီမီအောင်အား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တတိယထူးချွန်ဆုရ မသော်တာမြတ်မွန်အား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ နှစ်ဦးက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖ ဦးမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူများ လက်တွေ့ချုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြေားကြားသည်။

အဆိုပါသင်တန်းသို့ လေသာ(တောင်) ကျေးရွာမှ သင်တန်းသူ ၂၀ တက်ရောက်ပြီး အဆင့်မြင့် အပ်ချုပ်စက် သင်တန်းတွင်  ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစက်ချုပ်နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်စက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက်အင်္ကျီသင်ကြားခြင်း၊ သင်္ဘောသားလျှာ သင်ကြားခြင်း၊ ဖောက်အိတ်ကပ် သင်ကြားခြင်း နှင့် 3 MIN ၊ 4  MIN သင်ကြားခြင်း စုစုပေါင်း ၇ မျိုးကို တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)