အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

တွေ့ဆုံမေးမြန်း- ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင်စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

မေး။    ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်ခဲ့တယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။

ဖြေ။    ။ ကျွန်တော်တို့ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ အသက်မွေးဝမ်းကျောင်း ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရေးဆွဲထားခြင်းနဲ့ ပြန်လည်ထူထောင်ရေးအပိုင်း ဆိုပြီး ပါဝင်တယ်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကော်မတီမှာပါဝင်တဲ့ ဌာနအလိုက် အစီအမံတွေ ရေးဆွဲဆောင်ရွက်တာနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းမှာ အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်ပြန်လည်ထူထောင်ရေးတို့ ပါဝင်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ မုန်တိုင်းသင့်ဒေသတွေက အလွယ်တကူရွှေ့ပြောင်းနိုင်ရေးနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တစ်နာရီ ရေဂါလန် ၅၀၀ မှ ၈၀၀ အထိ သန့်စင်ပေးနိုင်တဲ့ ရေသန့်စင်ကား ၁၀ စီးနဲ့ ရေသယ်ယာဉ် ၂၈ စီးကို ကြိုတင်ဖြန့်ခွဲထားခဲ့ပါတယ်။ 
ရေသန့်စင်စနစ် Life-Straw Community တွေ၊ Hygiene Kit(A)(B)၊ ကလိုရင်း Bleaching Powder၊ လီတာ ၂၀ ဆံ့ရေပုံးတွေကို ကြိုတင်ပြင်ဆင် ဖြန့်ဝေခဲ့ပါတယ်။ ကလိုရင်း(40kg)ပုံး ၁၆၇ ပုံး၊ ရေသန့်ဆေးပြားဘူး ၄၀၊ Hygiene Kit(A) ပုံး (၂၀၀)နဲ့ ၂၀ လီတာ ဆံ့ရေပုံး ၂၀၀ ကို မုန်တိုင်းသင့်ဒေသတွေကို ဖြန့်ဝေနိုင်ရေး အသင့်ပြင်ဆင် ထားရှိခဲ့ပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်းတွေကို အသင့်ပြင်ဆင်ထားခဲ့ပါတယ်။ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ မတည်ချေးငွေရရှိရေးနဲ့ လုပ်ငန်းလုပ်ကိုင်နိုင်ရေး အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနိုင်ရေး စီမံထားခဲ့ပါတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ်ပေးနိုင်ဖို့ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ကလည်း ကြိုတင်စီမံထားရှိပါတယ်။
စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ နိုင်ငံတော်အရန်ဆန်တန်ချိန် တစ်သောင်း၊ ဆန်အိတ်နှစ်သိန်း ဝယ်ယူစုဆောင်းနိုင်ရေးအတွက် ကြိုတင် တင်ပြဆောင်ရွက်ထားပါတယ်။

သားငါးကဏ္ဍအနေနဲ့ ငါးသားပေါက်တွေ ကြိုတင်စုဆောင်းထားရှိတာ၊ သတိပေးနှိုးဆော်စာတွေ ထုတ်ပြန်တာ၊ မွေးမြူရေးကဏ္ဍအနေနဲ့ တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံတာ၊ ကာကွယ်ဆေးတွေ စုဆောင်းဖြန့်ဖြူးထားတာ၊ တိရစ္ဆာန်တွေကို ကုန်းမြင့်ရှိတဲ့နေရာတွေကို ရွှေ့ပြောင်းနိုင်ရေး အသိပေးကြေညာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍအနေနဲ့ မျိုးစပါး စုဆောင်းတာ၊ ဓာတ်မြေဩဇာစုဆောင်းထားရှိတာ၊ သီးနှံသိုလှောင်ရုံတွေ ပြင်ဆင်ထားတာ၊ စိုက်ပျိုးထားရှိတဲ့ နွေစပါးတွေ အချိန်မီရိတ်သိမ်းနိုင်ရေး နှိုးဆော်စာထုတ်ပြန်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

သမဝါယမကဏ္ဍမှာ အသင်းသားတွေအတွက် လိုအပ်တဲ့အရင်းအနှီး၊ သွင်းအားစု၊ လုပ်ငန်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ရေး ချိတ်ဆက်ဆောင် ရွက်ပေးတာ၊ စိုက်ပျိုးရေးမှာလိုအပ်တဲ့ သဘာဝမြေဩဇာ ဖြန့်ဖြူးပေးနိုင်ရေး၊ လယ်ယာမြေတွေ ထွန်ယက်ပေးရေး၊ သီးနှံရိတ်သိမ်းခြွေလှေ့မှုတွေ ဆောင်ရွက်နိုင်ရေးပြင်ဆင်ခဲ့ပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သတ်မှတ်အိမ်ထောင်စာအရန် သိုလှောင်ထားရှိသလို အရေးပေါ်တုံ့ပြန် ရေးပစ္စည်းတွေဖြစ်တဲ့ ဖိုက်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ ကြိုးခွေ၊ ချိန်းဆော၊ မိုးကာတဲ၊ တာပေါ်လင်လိတ်၊ သွပ်၊ မီးစက်စတာတွေကို ကြိုတင် ဖြန့်ခွဲထောက်ပံ့တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ စားရေရိက္ခာခြောက် ဝယ်ယူစုဆောင်းတာရှိသလို သဘာဝဘေးအန္တရာယ် ကြုံတွေ့ရစဉ် ရွှေ့ပြောင်းနေထိုင်ရာစခန်းတွေမှာ နေထိုင်ရရင် ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှုတွေ၊ လူကုန်ကူးခံရမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ Diginity Kit တွေ ပံ့ပိုးတာတွေကို စီမံဆောင်ရွက်ခဲ့ပါတယ်။ 
မေး။    ။ မုန်တိုင်း ဝင်ရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေမှုကို သိလိုပါတယ်။

ဖြေ။    ။ စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွက် လာမယ့်မိုးရာသီစိုက်ပျိုးမယ့် မျိုးစပါးတင်း ၆၆၃၃၀ လိုအပ်လျက်ရှိရာ အလှူရှင်တွေက လှူဒါန်းမယ့် မျိုးစပါးတင်း ၅၄၀၀ နဲ့ ပြင်ပမျိုးထုတ်လုပ်သူတွေက မျိုးစပါး တင်း ၆၀၉၃၀ ဝယ်ယူပြီး ရခိုင်ပြည်နယ်ကို ပေးပို့နိုင်ရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြတောင်းခံထားပါတယ်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာ ဝတီတိုင်းဒေသကြီးတို့ကနေ ခိုင်းကျွဲတစ်ကောင် ငွေကျပ် ၁၅ သိန်းနဲ့ ၁၁၆ ကောင် ဝယ်ယူပြီး ရေကြောင်းနဲ့ ပို့ဆောင်ဖို့ ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ၁၀၀၀၉၉ ကောင် ထိုးနှံထားပြီး ကာကွယ်ဆေး ကုသဆေးတွေလည်း ဖြန့်ဖြူးထားရှိပြီးဖြစ်ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ၂၀၂၃− ၂၀၂၄ ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်း ၁၅၀ နဲ့ တိရစ္ဆာန်သုံးဆေးဝါး ၁၃ မျိုးတွဲပါ အတွဲ ၁၂၅၀၊ တိရစ္ဆာန်အစာအတွက် ငွေကျပ်သန်း ၁၀၀ ခွင့်ပြုထားပြီး တိရစ္ဆာန်အစာတန်ချိန် ၆၀ ခန့် ဝယ်ယူ စုဆောင်းရေးဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ပုစွန်သားပေါက် စခန်းသုံးခုရှိပြီး ဒီသားပေါက်စခန်းတွေက ရေငန်ပုစွန်သားပေါက်ထုတ်လုပ်တဲ့ ရာသီချိန် နိုဝင်ဘာမှဧပြီလအတွင်း သားဖောက်ပြီး လိုအပ်ချက်အရတောင်းခံလာပါက ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ဖြန့်ဝေပေးနိုင်ဖို့ တစ်နာရီရေဂါလန် ၅၀၀ မှ ၈၀၀ အထိ သန့်စင်ပေးနိုင်တဲ့ ရေသန့်စင်ကားတွေကို စစ်တွေမြို့မှာ သုံးစီး၊ ရသေ့တောင်မှာ နှစ်စီးနဲ့ မင်းပြား မြို့နယ်မှာတစ်စီးနဲ့ ရေသန့်စင်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေသယ် ယာဉ်တစ်စီး အပါအဝင် အခြားဦးစီးဌာန အဖွဲ့အစည်းတွေက ရေသယ်ယာဉ်တွေနဲ့ နေ့စဉ်ရေဖြန့်ဝေတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

နေပြည်တော်နဲ့ ဘားအံက ရေသန့်စင်ကားနှစ်စီးကို မေလ ၃၁ ရက်နေ့ မှာ ရန်ကုန်ကို ပို့ဆောင်ပြီး ရန်ကုန်က စစ်တွေကို ဇွန်လ ၅ ရက်နေ့မှာ Royal Venus ရေယာဉ်နဲ့ ပို့ဆောင်ပြီးဖြစ်ပါတယ်။ သောက်သုံးရေဖြန့်ဝေခြင်းအနေ နဲ့ ဇွန်လ ၆ ရက်နေ့အထိ ရခိုင်ပြည်နယ် မှာ ၄၇၃၀၆၉ ဂါလန်ဖြန့်ဝေပေးပြီးဖြစ်ပါတယ်။ 
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ဆိုလာစနစ်နဲ့ ရွေ့လျားနိုင်တဲ့ ရေသန့်စင်စနစ်တွေကို ၁၀ စုံ ဆောင်ရွက်ပေးခဲ့ပြီး သုံးစုံက မေလ ၃၁ ရက်နေ့ကစတင်၍ သောက်သုံးရေကန်တွေက ရေတွေကို သန့်စင်ပေးကာ ကျေးလက်နေပြည်သူတွေထံ သန့်ရှင်းတဲ့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ကျန်တဲ့ ခုနစ်စုံကလည်း စစ်တွေ မြို့ကို ရောက်ရှိနေပြီး ဇွန်လ ၆ ရက်နေ့ မှာ စမ်းသပ်ပေးဝေလျက်ရှိပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်ခံစားရတဲ့ ပြည်သူတွေအတွက် မှာယူထားတဲ့ ဆိုလာစနစ်ရွေ့လျားရေသန့်စင်စနစ် ၁၀ စုံကို ဇွန်လ ၆ ရက်နေ့လေယာဉ်နဲ့ နေပြည်တော်ကနေ စစ်တွေမြို့ကို ပို့ဆောင်ပေးထားပြီးဖြစ်ပါတယ်။

Life Straw Community ရေသန့်စင် ပုံးတွေကို ယနေ့အထိ စစ်တွေမှာ အလုံး ၃၀၊ ပေါက်တောမှာ ၁၉ လုံး၊ ရသေ့တောင် ၄၁ လုံး၊ ပုဏ္ဏားကျွန်း ၁၅ လုံး၊ ကျောက် တော် ၁၅ လုံး၊ မြောက်ဦး ၁၅ လုံး၊ မင်းပြား ၁၅ လုံး၊ မြေပုံမှာ ၁၀ လုံးနဲ့ ဖြန့်ဝေပေးပြီးဖြစ်ပါတယ်။ World Vision က လှူဒါန်းတဲ့ Life Straw with Gravity Bag ၃၀ ပါ ၁၇လုံး၊ ရေသန့်စင်ဆေးပြား တစ်ဘူး ၁၆၀၀၀ ပါဝင်တဲ့ဘူး ၁၀၀၊ Hygiene Kit-A (ထောက်ပံ့ရေးပစ္စည်း-၁၁ မျိုးပါဝင်တဲ့) ဘူး ၃၀၀၊ ကလိုရင်း (40kg ပါ) ပုံး ၅၀၀၊ ၂၀ လီတာဆံ့ရေပုံး ၃၀၀ ကို ရခိုင်ပြည်နယ်ကို ဖြန့်ခွဲပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ၁၀ မြို့နယ်မှာ မုန်တိုင်းကြောင့် မြေသားရေကန် ရေငန်ဝင်ရောက်မှု ၂၂၂ ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အခု ၁၇၉ ခု ရေငန်စုပ်ထုတ် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ 

မကွေးတိုင်း စလင်းမြို့နယ် နွယ်တစ်မယ် ချောင်းရေကြီးမှုကြောင့် ကျေးရွာပေါင်း ၄၃ ရွာမှာ အသုံးပြုနေတဲ့ လက်တူးတွင်း ၆၄ တွင်း၊ တုံကင်တွင်း ၁၅၄၀ ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး ရေသန့်စင်ဆေးပြားကတ် ၃၂၀၀၊ ကလိုရင်းဆေးခတ်ခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုရေပိုက်လိုင်းမှ ကျေးရွာ ၂၁ရွာ ရေဖြန့်ဝေပေးနေတဲ့ ကန်တိမ်ရေစက်ရုံ လေပြင်းတိုက်ခတ်ပြီး အမိုးပိုင်းတစ်ခြမ်းနဲ့ Transformer ခြံစည်းရိုးတိုင် ငါးတိုင်ပျက်စီးခဲ့မှုကို ပြင်ဆင်ခဲ့ရာမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးက (၅၁)သိုလှောင်ရုံမှာ သိုလှောင်ထားရှိတဲ့ ၁၆၀၀၀ ပါ ရေသန့်စင်ဆေးပြားဘူး ၄၀၊ ကလိုရင်း (40Kg)ပုံး ၁၆၇ပုံး၊ Hygiene Kit (A) ပုံး ၂၀၀နှင့် ၂၀ လီတာဆံ့ရေပုံး ၂၀၀ကို မုန်တိုင်းသင့်ဒေသတွေကို ဖြန့်ဝေနိုင်ရေး အသင့်ပြင်ဆင်ထားရှိ တယ်ဆိုတာ ပြောကြားလိုပါတယ်။ ။