အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု

၁၁ ဇန်နဝါရီ

 

အသက်ရှူလိုက်တိုင်း ရှူလို့မဝဘူးလို့ ခံစားရတယ်၊ နှာခေါင်းပေါက်ပဲ ကျဉ်းနေသလို၊ လေအပြည့်မရသလို၊ အောက်ဆီဂျင်မရသလို ခံစားရတာမျိုး ဖြစ်ဖူးကြတယ်မလား။ ဒီတော့ အသက်ရှူရင် ငါးကြိမ်မှာ သုံးကြိမ်လောက်က ရှိုက်ရှူရတော့တယ်။ သူများမြင်ရင်တော့ သက်ပြင်းချတယ်ပေါ့။ အမှန်ကကိုယ့်မှာ တစ်ယောက်တည်း အသက်ရှူမဝ ဖြစ်နေတာ။ အဲဒါဘာကြောင့်ဖြစ်နိုင်မလဲ လေ့လာရအောင် ဖြစ်နိုင်ခြေလေးတွေ စုဆောင်းထားပါတယ်။ အရင်ဆုံး ဖြစ်နိုင်တာက –

 

ပန်းနာရင်ကျပ်

 

ပန်းနာရင်ကျပ်ကြောင့် အသက်ရှူလမ်းကြောင်းက ရုတ်တရက်ကျဉ်းပြီး ရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့် အသက်ရှူလိုက်ရင် ရှူရခက်မယ်၊ ကျပ်မယ်၊ ချွဲထမယ်၊ တရွှီရွှီမြည်နေမယ်။ ဒါ့ကြောင့် အသက်ရှူရပိုကောင်းအောင် inhalerတွေသုံးကြရတာဖြစ်ပါတယ်။

 

ဓာတ်မတည့်ခြင်း

 

ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ စတာတွေကို ရှူရှိုက်မိတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဓာတ်မတည့်ခြင်းကနေ ပန်းနာရင်ကျပ် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လေထဲက ချည်းရနိုင်တာမဟုတ်ပါဘူး။ ထိတွေ့မိတာတွေ၊ စားမိတဲ့အရာတွေကနေလည်း ရနိုင်ပါတယ်။

 

စိုးရိမ်ပူပန်စိတ်

 

ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ခံစားရတဲ့အခါ အသက်ရှူရခက်နိုင်ပါတယ်။ ပုံမှန်လူဆို သိပ်ပြဿနာမရှိပေမယ့် COPD လို နာတာရှည်အဆုတ်ရောဂါ ရှိနေတယ်ဆိုရင် ပြင်းထန်သွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိနေသူဆိုရင် ယာဉ်မတော်တဆမှုလိုမျိုး ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့်လည်း ပြဿနာဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘာရောဂါအခံမှ မရှိဘူးဆိုရင်တောင် စိတ်လှုပ်ရှားမှု၊ ပူပန်မှုကြောင့် အသက်ရှူမြန်လာပြီး ခေါင်းမူး၊ သတိလစ် သွားနိုင်ပါတယ်။

 

ကာဗွန်မိုနောက်ဆိုဒ်

 

မီးခိုးခေါင်းတိုင်၊ မီးဖို၊ အခြောက်ခံစက်၊ ကားမီးခိုး စတာတွေကနေထွက်လာနိုင်တဲ့ အရောင်မရှိ၊ အနံ့မရှိတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒီအခိုးအငွေ့တွေကို နည်းလမ်းမှန်နဲ့ စနစ်တကျ မစွန့်ထုတ်ခဲ့ရင် လေထုထဲမှာစုနေပြီး အများကြီးရှူမိပါလိမ့်မယ်။ ဒါဆိုရင်သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ် အနှံ့အောက်ဆီဂျင်ပေးပို့နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အသက်ရှူမဝဖြစ်မယ်၊ ခေါင်းမူးမယ်၊ အားနည်းမယ်၊ မအီမသာဖြစ်မယ်။ အမြင်အာရုံလည်းဝေဝါးပြီး မူးလဲတဲ့အထိ ဖြစ်လာရင် အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။

 

အဆုတ်သွေးကြောဆို့ခြင်း

 

ခြေထောက်မှာ သွေးကြောပိတ်တာ၊ သွေးခဲပိတ်ဆို့တာတွေက အဆုတ်သွေးကြောကို သွားပိတ်ဆို့စေနိုင်ပြီး သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုပိတ်ဆို့သွားရင် အသက်ရှူရခက်တယ်၊ နာကျင်ရတယ်။ တချို့ဆိုချောင်းဆိုး သွေးပါကြပါတယ်။ ပိတ်ဆို့မှုစဖြစ်တဲ့နေရာမှာတော့ ရောင်ရမ်းတာ၊ ပူတာ၊ နာကျင်တာတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေက အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ဆေးရုံသာပို့သင့်ပါတယ်။ သွေးကျဲဆေးတွေ၊ တခြားဆေးဝါးတွေ ဒါမှမဟုတ် ခွဲစိတ်မှုတွေနဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။

 

အဆုတ်ရောင်ရောဂါ

 

အဆုတ်မှာရှိတဲ့ လေအိတ်လေးတွေကို ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေဝင်တဲ့အခါ အရည်တွေပြည့်လာပြီး အသက်ရှူရခက်စေနိုင်ပါတယ်။ အဖျားတက်ပြီးချောင်းဆိုးတယ်ဆို ပျစ်ခဲတဲ့ သလိပ်တွေ ထွက်စေနိုင်ပါတယ်။ အဆုတ်ရောင် နမိုးနီးယားဖြစ်နေတယ်ဆို ပိုးသတ်ဆေးတွေကိုလိုအပ်သလို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။

 

နာတာရှည်အဆုတ်ရောဂါ(COPD)

 

နာတာရှည်လေပြွန်ရောင်ရောဂါလို့လည်း ခေါ်ကြပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အဖြစ်များတတ်ပါတယ်။ ဒီဝေဒနာဖြစ်တဲ့အခါ အဆုတ်ထဲကလေအိတ်တွေကို ပြန့်ကားစေပြီးလေကို နေရာရွေ့စေဖို့ခက်ခဲပါလိမ့်မယ်။ ဒီလိုကနေ အသက်ရှူရ အဆင်မပြေဖြစ်စေပါတယ်။ ရင်ဘတ်ထဲမှာ ကျပ်နေသလိုခံစားရပြီးချောင်းဆိုးမယ်၊ တစ်ခါတလေ တရွှီရွှီမြည်မယ်။

 

နှလုံးရောဂါ

 

နှလုံးလုပ်ဆောင်ချက် မကောင်းတော့တဲ့အခါ heart failure ရတယ်လို့ပြောကြပါတယ်။ လုပ်သင့်သလောက် သွေးမညှစ်နိုင်တော့တဲ့အခါ အောက်ဆီဂျင် အလုံအလောက်ရနိုင်ဖို့ ပိုခက်ခဲစေနိုင်ပါတယ်။ လှေကားတက်တာ၊ လမ်းလျှောက်တာ၊ ပစ္စည်းလေးနည်းနည်းသယ်လာတာ စတဲ့လွယ်ကူတဲ့ အလုပ်တွေမှာတောင် မောဟိုက်မောကျပ် စေနိုင်ပါတယ်။

 

သွေးအားနည်းခြင်း

 

ခန္ဓာကိုယ်မှာ ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေမလုံလောက်တဲ့အခါ တစ်ရှူးတွေဆီကို အောက်ဆီဂျင် အလုံအလောက် မရောက်နိုင်တော့ပါဘူး။ သွေးအားနည်းတဲ့အခါ လူက ဖျော့တော့ပြီး ပင်ပန်းလွယ်မယ်။ ခေါင်းမူးပြီး အားနည်းနေမယ်၊ ခြေဖျားလက်ဖျားတွေအေးစက်ပြီး နှလုံးခုန်မြန်လာနိုင်ပါတယ်။

 

အသက်ရှူမဝတာ၊ အသက်ရှူကျပ်နေတာမျိုးကို မကြာခဏ သို့မဟုတ် အချိန်အတော်ကြာခံစားရတယ်ဆို ကြိတ်မခံစားနေဘဲ ရောဂါရှာဖွေစစ်ဆေးမှုလုပ်သင့်ပါတယ်။ အကြောင်းရင်းခံကို သေချာအတည်ပြုပြီးမှ ကျန်းမာရေးအတွက် စိတ်ချရမှာဖြစ်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်