အသွင်ပြောင်းပိုလီယိုရောဂါပိုးနှင့် လူထုတာဝန်

၃  စက်တင်ဘာ

ဒီနေ့ဆေးခန်းကိုလာပြတဲ့ ကလေးမိဘတစ်ယောက်က သူသတင်းစာထဲမှာဖတ်လိုက်ရတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အသွင်ပြောင်းပိုလီယိုရောဂါပိုး တွေ့ရှိရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား မေးလာပါတယ်။

မေး။ ။အသွင်ပြောင်းပိုလီယိုရောဂါပိုးဆိုတာ ဘာပါလဲ ဆရာ။

ဖြေ။ ။အသွင်ပြောင်းပိုလီယိုရောဂါပိုးဆိုတာ ပိုလီယိုရောဂါ ကာကွယ်ဖို့အတွက် တိုက်ရတဲ့ ပိုလီယိုအစက်ချ ကာကွယ်ဆေးထဲမှာပါတဲ့ ရောဂါပိုးက ဗီဇပြောင်းလဲသွားတာကို ပြောတာပါ။ တကယ်တော့ ပိုလီယိုအစက်ချ ကာကွယ်ဆေးထဲမှာပါတဲ့ ဗိုင်းရပ်က အားပျော့အောင် လုပ်ထားတော့ လူကိုရောဂါမပေးပါဘူး။ ဒီဗိုင်းရပ်က တိုက်ကျွေးတာဆိုတော့ အတိုက်ခံရတဲ့ကလေးရဲ့အူထဲမှာ အကြာကြီးနေသလို စွန့်ပစ်တဲ့ မစင်ထဲမှာလည်းပါပြီး ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ အဲဒီကတစ်ဆင့် တခြားကလေးတွေကို ကူးစက်ပြီး ကာကွယ်မှုကို ရရှိစေပါတယ်။ ဒါက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ပတ်ဝန်းကျင်ထဲမှာ အချိန်ကာလကြာသွားရင်တော့ ဒီကာကွယ်ဆေးဗိုင်းရပ်ပိုးဟာ မျိုးရိုးဗီဇပြောင်းသွားပြီး သဘာဝအရိုင်းပိုးလို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကို အသွင်ပြောင်း ပိုလီယိုရောဂါပိုး (Vaccine derived Polio Virus )လို့ ခေါ်ပါတယ်။ အဲဒီပိုးကတော့ သဘာဝ ပိုလီယိုပိုးလိုပဲ ခံနိုင်ရည်မရှိတဲ့ (ပိုလီယိုကာကွယ်ဆေးမရထားတဲ့ ) ကလေးတွေကို ကူးစက်ရင် ပိုလီယိုလို အကြောသေရောဂါကို ဖြစ်စေပါတယ်။

မေး။ ။ဒါဖြင့် အန္တရာယ်ရှိတာပေါ့နော်ဆရာ။

ဖြေ။ ။အန္တရာယ်ရှိပါတယ်။ သဘာဝပိုလီယိုရောဂါလိုဖြစ်စေပါတယ်။ ဒါပေမယ့် ပိုလီယိုအစက်ချကာကွယ်ဆေးကို ရရှိထားရင်တော့ ရောဂါမဖြစ်နိုင်ပါဘူး။ ဒီလိုအသွင်ပြောင်းပိုး ကိုရော၊ အရိုင်းပိုး(သဘာဝပိုး)ကိုရော ခံနိုင်ရည်ရှိပါတယ်။ ဒါက အထူးအရေးကြီးပါတယ်။

မေး။ ။အခု ပိုလီယိုအသွင်ပြောင်းပိုး ကရင်ပြည်နယ် ဖာပွန် မြို့နယ်မှာ တွေ့ရှိတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ဟုတ်ပါတယ်။ ဒီနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ဖာပွန်မြို့နယ် ကတိုင်ကိတိုက်နယ်ဆေးရုံမှာ ရုတ်တရက် ပျော့ခွေ အကြောသေရောဂါ (ပိုလီယိုပုံစံမျိုး)နဲ့ တက်ရောက်ခဲ့တဲ့ ကလေးငယ်တစ်ယောက်မှာ ဒီအသွင်ပြောင်း ပိုလီယိုပိုးကို တွေ့ရပါတယ်။ အဲဒီမြို့နယ်ထဲကပဲ ၅ နှစ်အရွယ်ကလေး တစ်ယောက်က ခြေလက်သေရောဂါနဲ့ ရန်ကုန်ကလေးဆေးရုံ ကြီးကို တက်ရောက်ကုသရပါတယ်။ အဲဒီကလေးမှာလည်း ဒီအသွင်ပြောင်းပိုးကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပျံ့နှံ့နေသော အသွင်ပြောင်းပိုလီယိုပိုး (cVDPV- Circulating VDPV) လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားပြီး အခုအခါမှာ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်။

မေး။အဲဒီကလေးတွေက ပိုလီယိုကာကွယ်ဆေး မတိုက်ထားဘူးလား။

ဖြေ။အဲဒီကလေးတွေက ပိုလီယိုအစက်ချကာကွယ်ဆေး လုံးဝမရရှိထားပါဘူး။ နောက်ထပ် အဲဒီဒေသက ကလေးနှစ်ယောက်မှာလည်း ဒီပိုးကို ထပ်ပြီးတွေ့ရတယ်။ အဲဒီကလေးတွေမှာလည်း ကာကွယ်ဆေးတစ်ခါမှ တိုက်မထားပါဘူး။

မေး။ ။ဘာလို့ ကလေးတွေက ကာကွယ်ဆေးမရရှိထားတာလဲ။

ဖြေ။ ။အဲဒီမြို့နယ်မှာ ကာကွယ်ဆေးလွှမ်းခြုံမှုက ၃၆ ရာခိုင်နှုန်းပဲရှိတာ တွေ့နေရပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေက လုံခြုံရေးအကြောင်းပြချက်အရ နေရာတိုင်းကို အလှမ်းမမီပါဘူး။ ဒါကြောင့် အခုလိုဖြစ်ရတာပါ။

မေး။ဘယ်လိုအန္တရာယ်ရှိသလဲ။

ဖြေ။အန္တရာယ်အရှိဆုံးက အဲဒီမြို့နယ်က ကာကွယ်ဆေး မရရှိထားတဲ့ ကလေးတွေပါ။ အသက် ၁၅ နှစ်အထိ ပါပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဒီရောဂါပိုးက ရှိနေတော့ ကူးစက်ခံရရင် တချို့မှာ ပိုလီယိုရောဂါပုံစံမျိုး ဖြစ်နိုင်ပါတယ်။ အခုလေးယောက် ဖြစ်ပြီးပါပြီ။ ဒါကြောင့် ဒီရောဂါပိုး ဖြစ်ပြီဆိုတာ သိတာနဲ့တစ်ပြိုင်နက် အနီးအနားကကလေးတွေ ပိုလီယို အစက်ချကာကွယ်ဆေးတွေ ပိုက်စိပ်တိုက်နည်းစနစ် (Outbreak Response Immunization)အနေနဲ့ တစ်အိမ်တက်ဆင်း တိုက်ပေးခဲ့ပါတယ်။ ယခုလည်းဆက်တိုက် နေဆဲပါ။

ခုအခါမှာတော့ ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း သုံးကြိမ် နှစ်ပတ်ခြားပြီး ဖာပွန်နဲ့ နီးစပ်ရာမြို့နယ် ၁၂ ခုမှာ ကလေးသုံးသိန်းကျော်ကို တိုက်ပြီးပါပြီ။ ဖာပွန်မြို့နယ်မှာ မွေးစမှ ၁၅ နှစ်အထိတိုက်ပြီး ကျန်မြို့နယ်တွေမှာတော့ ငါးနှစ်အောက်ကလေးတွေမှာ တိုက်ခဲ့ပါတယ်။ ပထမအကြိမ်ကို ၇-၇-၂၀၁၉ မှ ၉-၇-၂၀၁၉ အထိ၊ ဒုတိယ အကြိမ်ကို ၂၁-၇-၂၀၁၉ မှ ၂၃ -၇-၂၀၁၉ အထိ၊ တတိယအကြိမ်ကို ၄-၈-၂၀၁၉ မှ ၆-၈-၂၀၁၉ အထိ နှစ်ပတ်ခြားစီ သုံးကြိမ် တိုက်ကျွေးပါတယ်။ ဒီလိုတိုက်ကျွေးတာကို အရင်က တိုက်ခဲ့သည်ဖြစ်စေ၊ မတိုက်ခဲ့သည်ဖြစ်စေ သုံးကြိမ်ပြည့်အောင် တိုက်ဖို့လိုပါတယ်။ ထပ်ပြီးတိုက်လို့လည်း အန္တရာယ်မရှိတဲ့အပြင် ပိုပြီး ကာကွယ်မှုကောင်းမွန်စေပါတယ်။

မေး။ ။အခြားမြို့နယ်တွေ၊ ဒေသတွေမှာရော အန္တရာယ်ရှိပါသလား။

ဖြေ။ ။အခုတွေ့တဲ့ပိုးမှာ ဗီဇပြောင်းလဲမှုက အတော်ကလေး ရှိနေတာတွေ့ရတယ်။ ဆိုလိုတာက ဒီပိုးအသွင်ပြောင်းပြီး ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတာက နှစ်နှစ်၊ သုံးနှစ်လောက်ရှိနေပြီ ဆိုတာပြပါတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ ကျန်ဒေသတွေမှာလည်း ရောက်ရှိနေနိုင်တယ်။ ပိုလီယိုအစက်ချကာကွယ်ဆေး သုံးကြိမ်ရထားတဲ့ ကလေးတွေမှာတော့ ပြဿနာမရှိပါဘူး။ ဒီကာကွယ်ဆေးလုံလောက်အောင် တိုက်မထားရင်တော့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် နောက်ထပ်ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့မြို့နယ် ၈၆ မြို့နယ်၊ ကလေးငယ်တစ်သန်းကိုလည်း ထပ်မံတိုက်ဖို့ စီစဉ်နေပါပြီ။

မေး။ ။ဒီလိုပျံ့နှံ့နေတဲ့ အသွင်ပြောင်းပိုလီယိုရောဂါပိုးက အခြားဘယ်နိုင်ငံတွေမှာ တွေ့ရပါသေးသလဲ။

ဖြေ။၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အသည်းအသန် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ရှိရပါတယ်။ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ ယခုဇူလိုင်လလယ်အထိ တစ်ကမ္ဘာလုံးမှာ ကလေး ၄၃ ယောက် တွေ့ရှိခဲ့ပါတယ်။ အင်ဂိုလာမှာ သုံးယောက်၊ ဗဟိုအာဖရိကနိုင်ငံမှာ နှစ်ယောက်၊ တရုတ်မှာ တစ်ယောက်၊ ကွန်ဂိုမှာ ၁၅ ယောက်၊ အီသီယိုပီးယားမှာ တစ်ယောက်၊ ဂါနာမှာ တစ်ယောက်၊ နိုင်ဂျာမှာတစ်ယောက်၊ နိုင်ဂျီးရီး ယားမှာ ၁၂ ယောက်၊ ဆိုမာလီယာမှာ သုံးယောက်၊ မြန်မာမှာ နှစ်ယောက်ဆိုတော့ စုစုပေါင်းကလေး ၄၃ ယောက်မှာ တွေ့ရှိ တာပါ။

မေး။ ။မြန်မာပြည်က ပိုလီယိုကင်းစင်ပြီလို့ ၂၀၁၄ ခုနှစ်က ကြေညာနိုင်ခဲ့ပါတယ်။ အဲဒါကို ထိခိုက်နိုင်ပါသလား။

ဖြေ။ ။ပိုလီယိုကင်းစင်မှုကို သတ်မှတ်တာက ပိုလီယိုအရိုင်းပိုး (သဘာဝပိုး) မတွေ့ရှိတော့ ဒါကို သတ်မှတ်တာပါ။ ယခုလို အသွင်ပြောင်းပိုးနဲ့တော့ မသက်ဆိုင်ပါဘူး။ ယခုအချိန်အထိ ပိုလီယိုကင်းစင်နိုင်ငံအဖြစ် ရှိနေဆဲပါ။ အခုကမ္ဘာပေါ်မှာ ပိုလီယိုအရိုင်းပိုး ဖြစ်ပွားတဲ့ နိုင်ငံက နှစ်နိုင်ငံပဲ ရှိပါတော့တယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ပါကစ္စတန်မှာ ၄၅ ယောက်နဲ့ အာဖဂန် နစ္စတန်မှာ ၁၁ ယောက် စုစုပေါင်း ၅၆ ယောက် တွေ့ရှိရပါတယ်။

မေး။ ပိုလီယိုကင်းစင်တဲ့ ကမ္ဘာဖြစ်နိုင်နေပြီပေါ့နော်။

ဖြေ။ ။ ကမ္ဘာ့ပိုလီယို ပပျောက်ရေးလှုပ်ရှားမှုကို ၁၉၈၈ ခုနှစ်က စတင်ခဲ့ပါတယ်။ စတင်တဲ့အချိန်က နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာ လူနာပေါင်းတစ်နှစ်ကို သုံးသိန်းငါးသောင်းက ပိုလီယို အကြောသေရောဂါ ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ပိုလီယို အစက်ချကာကွယ်ဆေးကို လူထုလှုပ်ရှားမှုအသွင်နဲ့ ငါးနှစ်အောက်ကလေးတွေကို အကုန်တိုက်တဲ့ နည်းဗျူဟာနဲ့ပါ။ ဒါက များကြီးအောင်မြင်ခဲ့ပါတယ်။ အခုအခါမှာ ပိုလီယိုအရိုင်းပိုးကို နိုင်ငံနှစ်နိုင်ငံနဲ့ ကလေး ၅၆ ယောက်မှာပဲ တွေ့ရပါတော့တယ်။ တစ်နည်းအားဖြင့် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း အောင်မြင်နေပါပြီ။ မကြာခင် နှစ်အနည်းငယ်အတွင်းမှာ ပိုလီယိုကင်းစင်တယ်လို့ ကြေညာနိုင်တော့မှာပါ။ ကျန်နေတဲ့ နှစ်နိုင်ငံမှာက စစ်မက်ဖြစ်ပွားတာရယ်၊ အယူအဆမှားယွင်းပြီး ကာကွယ်ဆေးတိုက်ကျွေးတာတွေကို ဆန့်ကျင်တိုက်ခိုက်နေတာတွေကြောင့် ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေပါတယ်။

မေး။အသွင်ပြောင်းပိုလီယိုပိုး တွေ့နေတာက ဘယ်လိုပြဿနာ ရှိပါသလဲ။

ဖြေ။အရိုင်းပိုး လုံးဝကင်းစင်ပြီး သုံးနှစ်ဆိုလျှင် ပိုလီယိုကင်းစင်တယ်လို့ ကြေညာနိုင်ပါပြီ။ အစက်ချကာကွယ်ဆေးက အလွယ်တကူတိုက်နိုင်လို့ ဒီလိုကင်းစင်ဖို့အတွက် အဓိကလက်နက်ပါ။ ဒါပေမယ့် ဒီကာကွယ်ဆေးပိုးက အသွင်ပြောင်း သွားရင် ရောဂါလက္ခဏာထပ်ပြ နိုင်ပါသေးတယ်။ ဒါ့အတွက်ကတော့ ကမ္ဘာတစ်ဝန်းမှာ ပိုလီယိုကာကွယ်ဆေး ထိုးဆေး (ဗိုင်းရပ်ပိုးအသေကိုသုံး)အနည်းဆုံးတစ်ကြိမ် ထည့်သွင်းထိုးနှံ ဖို့လုပ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာကစပြီး ၎င်းအရွယ်တွေမှာ ထိုးပေးနေပါပြီ။ နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ပိုလီယိုအစက်ချဆေး တိုက်ကျွေးတာတွေရပ်ပြီး ထိုးဆေးကိုပြောင်းမယ်။ အဲဒီနောက် ပိုလီယိုအသွင်ပြောင်းပိုးပါ မရှိတော့ရင်တော့ ပိုလီယိုကာကွယ်ဆေးဆိုတာ ကမ္ဘာပေါ်မှာ လုံးဝမလိုတော့တဲ့ အခြေအနေရောက်သွားမှာပါ။

မေး။ ကမ္ဘာမှာ ဒီလိုလုံးဝပျောက်ကင်းသွားတဲ့ ရောဂါရယ်လို့ ရှိလို့လား။

ဖြေ။ ရှိပါတယ်။ အရင်က ဒုက္ခပေးခဲ့တဲ့ ကျောက်ကြီးရောဂါကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကမ္ဘာပေါ်မှာ လုံးဝပျောက် ကွယ်သွားပြီလို့ မေလ ၈ ရက်နေ့ ၁၉၈၀ ပြည့်နှစ်က ကြေညာနိုင် ခဲ့ပါတယ်။နောက်ထပ် ပျောက်ကွယ်သွားပြီလို့ ကြေညာနိုင်တာကတော့ ကျွဲ၊ နွားတွေမှာဖြစ်တဲ့ ဒေါင့်သန်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၁၄-၁၀-၂၀၁၀ မှာ ပပျောက်ပြီလို့ ကြေညာနိုင်ခဲ့ပါတယ်။ နောက်ထပ်ပပျောက်ဖို့ ကြိုးပမ်းနေတဲ့အထဲမှာ အသိများတဲ့ ပိုလီယိုနဲ့ဝက်သက်တို့ ပါဝင်ပါတယ်။

မေး။ ။အခုအသွင်ပြောင်း ပိုလီယိုပိုး ပပျောက်ရေးအတွက် ဘာတွေလုပ်နေသလဲ။ လူထုက ဘယ်လိုပါဝင်ရမလဲ။

ဖြေ။အသွင်ပြောင်း ပိုလီယိုပိုးရော၊ အရိုင်းပိုးရောကို ကာကွယ်ဖို့က ပိုလီယိုအစက်ချ ကာကွယ်ဆေးကို တိုက်ကျွေးပေးဖို့ပါ။ လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ရမှာပါ။ အခုဖြစ်ပွားခဲ့တဲ့ ဖာပွန်မြို့နယ်နဲ့ အနီးတစ်ဝိုက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က မြို့နယ် ၁၂ မြို့နယ်မှာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ပိုလီယို ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို သုံးကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ ကလေးဦးရေ သုံးသိန်းကျော်ကို ဦးတည်ခဲ့ပါတယ်။ တိုက်ပြီးရင်လည်း ထပ်တိုက်ဖို့လိုပါတယ်။ အန္တရာယ်မရှိပါဘူး။ ဒါ့အပြင် နိုင်ငံတစ်ဝန်းက ကျန်ကာကွယ် ဆေးလွှမ်းခြုံမှု ၈၀ ရာခိုင်နှုန်းအောက်နည်းတဲ့ မြို့နယ် ၈၆ မြို့နယ်မှာလည်း (၅)နှစ်အောက် ကလေးဦးရေတစ်သန်းခန့်ကို အပိုဆောင်း တိုက်ကျွေးမှုကို ဩဂုတ် ၂၆ ရက်ကနေ ၂၈ ရက်အထိမှာ တိုက်ကျွေးခဲ့ပြီးပါပြီ။ ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေမှာလည်း ဆက်လက်တိုက်ကျွေးခဲ့ပြီးပါပြီ။ ပြည်နယ်၊ တိုင်းဒေသကြီး ၁၁ ခုက ပါဝင်မှာပါ။

မေး။ ပြည်သူလူထုကို ဘယ်လိုတိုက်တွန်းချင်ပါသလဲ။

ဖြေ။ ။ကာကွယ်ဆေးတွေက အင်မတန် အကျိုးရှိပါတယ်။ အန္တရာယ်လည်းမရှိသလောက်နည်းပါတယ်။ ဒါက အခိုင်အမာ သက်သေပြပြီးတာပါ။ ဒါကြောင့် မိမိတို့ရဲ့ ကလေးတွေကို ပုံမှန်ကာကွယ်ဆေးတွေ မပျက်မကွက် ထိုးနှံတိုက်ကျွေး ထားစေချင်ပါတယ်။ အခုလို အချိန်အခါ အလျောက်လုပ်ရတဲ့ အပိုဆောင်း တိုက်ကျွေးမှုအစီအစဉ်တွေမှာလည်း မိမိတို့ရဲ့ကလေးတွေကို မပျက်မကွက် တိုက်ကျွေးတာ၊ ထိုးနှံတာလုပ်ပေးစေချင်ပါတယ်။ ကာကွယ်ဆေးထိုးတာ၊ တိုက်တာလုပ်တဲ့ ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို အင်တိုက်အားတိုက် ကူညီစေချင်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့သတင်းမှား၊ အယူအဆမှားတွေကိုလည်း လက်မခံဘဲ တုံ့ပြန်ဆန့်ကျင်ပြီး သတင်းမှန်၊ ဗဟုသုတမှန်တွေကို ကူညီဖြန့်ဝေစေချင်ပါတယ်။ လူထုအားကို အများကြီး လိုပါတယ်။

မေး။ဒါ့အပြင် ဘာတွေလိုအပ်သေးသလဲ။

ဖြေ။ သိပ်ပြီးလိုအပ်တဲ့ အချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပါပဲ။ ယခုကမ္ဘာပေါ်မှာ ပိုလီယို အရိုင်းပိုးကူးစက်မှု ကျန်ရှိနေသေးတဲ့ တိုင်းပြည်နှစ်ခု (အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်)တို့ဆိုရင်လည်း စစ်ဘေးဒဏ်ကြောင့် တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတွေပါ။ ပါကစ္စတန်မှာတော့ အယူအဆလွှဲမှားပြီး ကာကွယ်ဆေးဆန့်ကျင်မှုတွေကလည်း အနှောင့်အယှက် ပေးနေပါတယ်။

မြန်မာပြည်မှာလည်း ၂၀၁၅ မှာရော၊ အခု၂၀၁၉ ခုနှစ် မှာရော အသွင်ပြောင်း ပိုလီယိုရောဂါပိုး ပြန်လည်တွေ့ရှိရတဲ့ နေရာတွေက ငြိမ်းချမ်းတည်ငြိမ်မှုမကင်းတဲ့ နေရာဒေသတွေပါ။ ဒါကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှုနည်းပါးပြီး ကူးစက်ရောဂါတွေ ပြန်လည်ခေါင်းထောင် ထလာတာပါ။ အဲဒီလိုပဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလို ဒေသတွေမှာလည်း ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းကောင်းရနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ လာမယ့်နှစ်တွေမှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရနိုင်တဲ့ ကူးစက်ရောဂါတွေက ခေါင်းထောင်ထလာနိုင်စရာရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ အကူအညီ၊ အစိုးရနဲ့ ကျန်းမာရေးဘတ်ဂျက်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့လုပ်အား၊ ပရဟိတ လုပ်အားပေးတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းတည်ဆောက်ခဲ့ရတဲ့ ကာကွယ်ဆေးဆိုင်ရာ ရလဒ်ကောင်းတွေက သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့၊ တည်ငြိမ်ဖို့ အားလုံးလက်တွဲ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပါဗျာ။ ။

ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)