အသံညစ်ညမ်းမှု ဘယ်လိုထိန်းချုပ်ကြမလဲ

မေယု-မျိုးအောင် (MNA)

၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော “ရဲအက်ဥပဒေပုဒ်မ ၃၉”တွင် ‘တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်းမှတစ်ပါးမည်သူမဆို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကထုတ်ပေးသည့် ခွင့်ပြုမိန့်မရှိဘဲ သို့မဟုတ် အခါအားလျော်စွာသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ မဟုတ်လျှင် အသံချဲ့စက်မသုံးရ သို့မဟုတ် မဖွင့်ရ သို့မဟုတ် အသုံးပြုရန်ဖွင့်ရန်မပြုရ’ ဟု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေ ပုဒ်မ ၄၁ (က)၌လည်း အလားတူ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။


အသံဆူညံမှုကြောင့် သေဆုံးမှု


လန်ဒန်မှ သုတေသီဆရာဝန်အဖွဲ့တစ်ဖွဲ့၏ လေ့လာချက်အရ ကားသံများ ဆူညံနေသော ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းကြောင့် မျှော်လင့်ထားသည့် လူ့သက်တမ်းပိုတိုနိုင်ပြီးလေဖြတ်နိုင်သော အ္တရာယ်ပိုများကြောင်း လန်ဒန်မြို့ တစ်ဝန်းဆေးရုံတင် ကုသရမှုများနှင့် ဆူညံမှုအဆင့်၊ သေဆုံးခြင်းမှတ်တမ်းများအပေါ် နှိုင်းယှဉ်ချက်စစ်တမ်းတွင် ဖော်ပြခဲ့ကြသည်။ ဆူညံမှုပမာဏ ၅၅ ဒက်စီဘယ် သို့မဟုတ် ယင်းထက် လျော့နည်းသည့် ပိုမိုတိတ်ဆိတ်ငြိမ်သက်သောဒေသများတွင်နေထိုင်သူများထက် ဆူညံမှုပမာဏ ၆၀ ဒက်စီဘယ်ထက်ပိုသော ဆူညံသံများရှိရာ နေရာများတွင် နေထိုင်သူများကသေဆုံးမှု ၄ ရာခိုင်နှုန်း ပိုများကြောင်း ဆိုထားသည်။


အသံကို ဒက်စီဘယ် (Decibels-dB) ဖြင့် တိုင်းတာကြရာ ပုံမှန်စကားပြောသံသည် ဒက်စီဘယ် ၅၅ ဝန်းကျင်ရှိပြီးအသံချဲ့စက်မှအသံသည် ဒက်စီဘယ် ၁၀ဝ နှင့် အထက်တွင်ရှိသည်။ ၇၅ ဒက်စီဘယ်ထက်များသော အသံကို အမြဲကြားနေရပါက အကြားအာရုံချို့ယွင်းနိုင်သဖြင့် အိမ်ခန်းတွင်းမှ အသံသည် ၃၀ ဒက်စီဘယ်ထက် နည်းသင့်ကြောင်း၊ အသံဆူညံမှုပမာဏ ၅၅ ဒက်စီဘယ်ထက်ပိုသော နေရာများတွင် နေထိုင်ခြင်းမှာ ကျန်းမာရေးအတွက် ပြဿနာများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားရာ ဒက်စီဘယ်ကိန်းဂဏန်းများလာလေ လူတို့၏နားကို ဒုက္ခပေးနိုင်လေဖြစ်သည်။


ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှပြဋ္ဌာန်းခဲ့ပြီး ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၂ ခုနှစ်
မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်မြောက်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်မြောက် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၆ ခုနှစ်တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် အောက်ပါလုပ်ငန်းတာဝန်များကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်” ဟု ပါရှိပြုဒ်မခွဲ (ဈ) တွင် ‘အသံချဲ့စက်ဖွင့်ခွင့် တောင်းခံခြင်းကိုစည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း’ ဟု ပြဋ္ဌာန်းပါရှိသည်။


အသံချဲ့စက်ဥပဒေ


အသံချဲ့စက်ဖွင့်ခြင်းနှင့် စပ်လျဉ်း၍ (၁) အသံချဲ့စက်ဖွင့်မည့် သက်ဆိုင်ရာ ကာယကံရှင်ကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ အသံချဲ့စက်ငှားရမ်းသူပိုင်ရှင်ကဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက်ဖွင့်လိုသည့် ရက်နှင့်အချိန်ကိုဖော်ပြ၍ အနည်းဆုံးသုံးရက် ကြိုတင်လျှောက်ထားချက်ကိုလက်ခံခြင်း၊ (၂) နည်းဥပဒေခွဲငယ် (၁)အရ လျှောက်ထားချက်ကို ရရှိပါက လိုအပ်သလို စိစစ်၍ (ကက) သာမန်အားဖြင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ခွင့်ပြုခြင်း၊ (ခခ)အများပြည်သူအား အနှောင့်အယှက်မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်း၊ (ဂဂ) ခွင့်ပြုသည့်ကိစ္စမှတစ်ပါး အခြားကိစ္စများ အတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊ (ဃဃ) တာဝန်ရှိသူကလိုအပ်၍ ခွင့်ပြုချက်ရပ်စဲခြင်းကို လိုက်နာဆောင်ရွက်စေရန်ကြီးကြပ်ခြင်း၊ (၃) လိုအပ်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့၏ သဘောထားမှတ်ချက်ကို ရယူခြင်း၊ (၄) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက အသံချဲ့စက်ဖွင့်ရန် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ၊ òန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေခြင်း ဟူ၍ ပြဋ္ဌာန်းထားသည်။ဥပဒေပုဒ်မ ၁၈ တွင် ‘ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှခွင့်ပြုမိန့် ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်း ချက်များကို လိုက်နာရမည်’ ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၇ တွင် -ပုဒ်မ ၁၇၊ ၁၈ နှင့် ၁၉ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွကလျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ် ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်’ ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။


ဆူညံသံပမာဏ မြင့်မားခြင်းသည် ကျန်းမာရေးအန္တရာယ်ကို ဆိုးဆိုးရွားရွား မဖြစ်ပေါ်စေနိုင်သော်လည်း သက်ကြီးရွယ်အိုများ၊ ငယ်ရွယ်နုနယ်သည့်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျောင်းသား ကျောင်းသူများအတွက်မူ သိသာသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသဖြင့် နိုင်ငံအချို့တွင်ဆူညံသံကို ဥပဒေဖြင့် ထိန်းချုပ်လေ့ရှိသည်ဟု သိရသည်။


ပျက်ကွက်မှုများရှိနေဆဲ


အများပြည်သူတို့အကြား တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသည့် ကိစ္စတစ်ရပ်မှာ ရပ်ကွက်ကျေးရွာများအတွင်းကျယ်လောင်စွာဖွင့်နေကြသည့် အသံချဲ့စက်များနှင့်ဆောင်းဘောက်များ၏ ဆူညံသံကိစ္စဖြစ်သည်။ ထီကြော်ငြာ၊ဆေးကြော်ငြာ၊ ရေသန့်တွန်းလှည်း၊ သစ်သီး၊ အချဉ်တွန်းလှည်းအစရှိသော လှည့်လည်ရောင်းချမှုများတွင် လော်စပီကာအသံများဖြင့် မရပ်မနား ကြော်ငြာရောင်းချနေမှုများကြောင့် အများပြည်သူတို့အနေဖြင့် ဆူညံသံများကို နေ့စဉ်နှင့်အမျှ ခံစားနေရသည်။ ပွင့်လင်းရာသီတွင် ပေါ်လာသည့် မဏ္ဍပ်အသီးသီးမှလည်း အသံချဲ့စက်နှင့် ဆောင်းဘောက်များကို ကျယ်လောင်စွာဖွင့်နေကြသဖြင့် အနီးပတ်ဝန်းကျင်ရှိလူအများတို့မှာ နှစ်ထပ်ကွမ်း နားမခံသာ ဖြစ်ကြရသည်။


ဥပဒေကို မည်သူမျှ လိုက်နာခြင်းမရှိကြသည့်အပြင်သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုကလည်း ယင်းအချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများရှိနေဆဲဖြစ်သည်။


အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများ၌ အသံချဲ့စက်ကို အသုံးပြုပါက သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံမျှမက သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် မွေးကင်းစကလေးငယ်များ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသော ဆူညံသံများဖြစ်ပေါ်စေပါက အသံချဲ့စက်ဖွင့်ခြင်းသည် ဥပဒေအရ အရေးယူနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။


မြန်မာ့အလင်း