အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးများအတွက် ရာသီချိန် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်

မန္တလေး ၂၉ စက်တင်ဘာ

ကုတင်(၅၅၀) ကလေးဆေးရုံကြီးနှင့် New Hope Association တို့ ပူးပေါင်း၍ အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးများအတွက် ရာသီချိန် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပညာပေးဟောပြောပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇×၂၈ လမ်းကြား၊ ၆၆×၆၈ လမ်းရှိ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် New Hope Associationမှ အကြံပေးပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာအောင်မြင့်(ဆေး-မန်း)က အဖွင့်အမှာစကားပြောကြားပြီး ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေနှင့် New Hope Association ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မြင့်ကြည်က ရာသီချိန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် ကျန်မာရေးအသိပညာများကို ဟောပြောပြီး ကလေးအထူးကုဆရာဝန်ကြီးများနှင့် အထူးပညာရေး ဆရာမများက  အထွေထွေဖွံ့ဖြိုးမှုနောက်ကျသော ကလေးများကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်မောင်မန်းကိုယ်ပွား