အထွေထွေရွေးကောက်ပွဲ အချိန်စောကျင်းပရေးအဆို ဗြိတိန်အမတ်များ ပယ်ချ

၅ စက်တင်ဘာ

အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် စောစီးစွာကျင်းပရန် ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်၏ အဆိုကို လွှတ်တော်အမတ် အများစု၏ ကန့်ကွက်မှုဖြင့် ပယ်ချခံခဲ့ရကြောင်း သိရသည်။

 

b1

 

ဂျွန်ဆင်၏ ထိုအဆိုပြုချက်ကို ဗြိတိသျှပါလီမန်အမတ်များက ယမန်နေ့က ကန့်ကွက်မဲဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။ ဆန္ဒမဲ ၂၉၈ မဲထောက်ခံမှုရရှိပြီး ၅၆ မဲမှာ ကန့်ကွက်မဲဖြစ်သည်။လွှတ်တော်အမတ် ၆၅၀ ဦး အနက် သုံးပုံနှစ်ပုံ ဖြစ်သည့် ၄၃၄ မဲရရှိရန်လိုအပ်သည်။လွှတ်တော်အမတ်အများစုမှာ ကြားနေများဖြစ်ကြသည်။

 

b3

 

အောက်တိုဘာ ၃၁ ရက်နေ့တွင် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရန် ရွှေ့ဆိုင်းမည့် ဥပဒေမူကြမ်းကို လွှတ်တော်အမတ်များက အတည်ပြုခဲ့ရာမှ  ယမန်နေ့အစောပိုင်းက အဆိုပါ ဆန္ဒမဲပေးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဘရီးဇစ် (Brexit) ကိစ္စ ထပ်မံရွှေ့ဆိုင်းမှုကို လက်မခံနိုင်ကြောင်း ပြောဆိုကာ ထိုဥပဒေမူကြမ်းကို တုံ့ပြန်ရန် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ဘိုးရစ်ဂျွန်ဆင်က အဆိုပြုချက်တောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

အကြီးမားဆုံးအတိုက်အခံဖြစ်သည့် လေဘာပါတီက အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ဆန့်ကျင်ကာ ဥရောပသမဂ္ဂမှ သဘောတူညီမှုစာချုပ်မရှိပဲနှုတ်ထွက်ရေးကိစ္စ ဘရီးဇစ် (Brexit) ကို ရှောင်ရှားရန် ဥပဒေမူကြမ်းတစ်ခုကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို