အထက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ အမျိုးသား၊ အမျိုးသမီးဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

မန္တလေး  ၂၉  ဇူလိုင်

 

အထက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၂၈ ရက်က မန္တလာသီရိ အားကစားကွင်းရှိ Multipurpose Stadium အားကစားခန်းမတွင် ကျင်းပခဲ့ပြီး ရတနာပုံတက္ကသိုလ် အမျိုးသားအသင်းနှင့် တောင်ကြီးတက္ကသိုလ် အမျိုးသမီးအသင်းတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင်  ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အထက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၂၇ ခုတို့မှ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင် အားကစားသမား ၃၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ပြိုင်ပွဲများ အပြီးတွင်  အမျိုးသား အသင်းလိုက်ပြိုင်ပွဲ၌ ရတနာပုံတက္ကသိုလ် အသင်းက ပထမ၊ တောင်ကြီးတက္ကသိုလ် အသင်းက ဒုတိယ၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်အသင်းနှင့် နည်းပညာတက္ကသိုလ်-ရတနာပုံ ဆိုင်ဘားစီးတီး အသင်းတို့က ပူးတွဲတတိယ ရရှိခဲ့သည်။

 

အမျိုးသားတစ်ဦချင်း ပြိုင်ပွဲတွင် အာကာဘုန်းမြတ် (ရတနာပုံတက္ကသိုလ်)က ပထမ၊ အောင်ဇော်ဟိန်း (နိုင်ငံခြား ဘာသာတက္ကသိုလ်-မန္တလေး)က ဒုတိယ၊ ဇေယျာထွန်း (ရတနာပုံ ဆိုင်ဘားစီးတီး)နှင့် သူရိန်သိန်း (ရတနာပုံ တက္ကသိုလ်) တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။

 

အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဆိုင်ဂျာနန် (ရတနာပုံတက္ကသိုလ်)က ပထမ၊ စုဝင်းထက် (တောင်ကြီးတက္ကသိုလ်)က ဒုတိယ၊ သင်းသီရိအောင် (ဆေးတက္ကသိုလ်-မန်း)နှင့် မယွန်းပွင့်ဦး (မန္တလေးတက္ကသိုလ်)တို့က ပူးတွဲတတိယရရှိခဲ့ကြသည်။

 

အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် မြတ်မင်းသူ-မမိုးသီတာ(ရတနာပုံတက္ကသိုလ်)အတွဲက ပထမ၊ လွင်မိုးဦး-မဖူးပြည့်စုံ (တောင်ကြီးတက္ကသိုလ်)အတွဲက ဒုတိယနှင့် ပူးတွဲတတိယဆုကို ပြည်သူရဘထက်-စုထားမျက်ခြယ် (မန္တလာ ဒီဂရီကောလိပ်) အတွဲနှင့် ရန်မြတ်ပိုင်သွင်-ဟေမန်နှင်းခိုင် (နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘားစီးတီး) အတွဲတို့က ရရှိခဲ့ကြပြီး တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

တင်မောင်(မန်းကိုယ်ပွား)