အထက်မြန်မာပြည်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ ဖွင့်လှစ်

မန္တလေး  ၂၄    ဇူလိုင်


အထက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်၂၇ ခုမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြမည့် ကြက်တောင်ရိုက်ပြိုင်ပွဲကို မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium တွင် ယနေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သည်။


ယခုလ ၂၇ ရက်အထိပြုလုပ်သွားမည့် အဆိုပါပြိုင်ပွဲသည်၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲ အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ယင်းတွင်ကျောင်းသား၊ ကျောင်းသူပြိုင်ပွဲဝင် အားကစားသမား ၃၃၀ ကျော်ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။


"အားကစားကို မြှင့်တင်ပေးခြင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်ကို ဆောင်တယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပါတယ်။ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် ခုချိန်မှာ အားကစားကို အားပေးကြပါတယ်။ အနာဂတ်ကို ခေါင်းဆောင်မယ့် လူငယ်တွေဟာ ကျန်းမာကြံ့ခိုင်သန်စွမ်းရမယ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိရမယ်၊ တိ်ုင်းပြည်ချစ်တဲ့ စိတ်ဓာတ်ရှိရမယ်၊ ဒီလိုအားကစားယှဉ်ပြိုင်ခြင်းကြောင့် မတူတဲ့ ဒေသကလူတွေ လာဆုံတဲ့အတွက် နားလည်မှုတည်ဆောက်ကြ၊ ယုံကြည်မှုတည်ဆောက်ကြလို့ ရင်းနီးချစ်ခင်မှုကိုဖြစ်စေပါတယ်၊ အဲဒါတွေအားလုံးဟာ ပြည်ထောင်စုအတွက်လိုအပ်တဲ့ အခြေခံစိတ်ဓာတ်တွေပါ။ နိုင်ငံအတွက်လည်း လက်ရွေးစင် အားကစားသမားတွေ ပေါ်ထွက်လာမယ်၊ ကိုယ့်ကြိုးစားမှုပေါ်မှာမူတည်တယ်၊ ကြိုးစားစေချင်တယ်၊ နိုင်ငံအတွက် အားထားရမယ့်သူတွေ မပေါ်ပေါက်ဘူးလို့ မပြာနိုင်ပါဘူး၊ မိမိတက္ကသိုလ်ရဲ့ ဂုဏ်ကိုဆောင်ကြဖို့လိုပါတယ်" ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဖွင့်ပွဲတွင် ပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြုင်ပွဲဝင်အသင်းများသည် အားကစားကွင်းအတွင်း နေရာယူကြပြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခြင်း၊ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများ၊ အသင်းခေါင်းဆောင်များအား လိုက်လံနှုတ်ဆက် အားပေးကြပြီး အားကစားအသင်းများက ပွဲဦးထွက်ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားကြသည်။


အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထက်မြန်မာပြည်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။


တင်မောင်မန်းကိုယ်ပွား