အထွက်နှုန်းနည်းပါးသည့် မြန်မာ့မန်ကျည်းများ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာ

မန္တလေး ၃  မတ်

 

ယခု နွေဦးရာသီတွင် စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား မြန်မာ့မန်ကျည်းများ အထွက်နှုန်းနည်းပါးသည့်အတွက် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။

 

အဆိုပါမန်ကျည်းများကို ဇီးပင်ကြီး၊ ပုပ္ပါး၊ နေပြည်တော်၊ ပျဉ်းမနား၊ ပခုက္ကူ ဒေသတို့မှ စတင်ထွက်ရှိကာ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာပြီး လက်ရှိတွင် ယမန်နှစ်က ယခုလိုရာသီတွင် အစေ့ပါ မန်ကျည်း တစ်ပိဿာလျှင် ကျပ် ၈၀ဝ နှုန်းသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၄၅၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ယမန်နှစ်က အစေ့လွတ် (မန်ကျည်းသား) တစ်ပိဿာလျှင် ၁၄၀ဝ ကျပ်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၈၅၀ ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းများမြင့်တက်၍ အရောင်းသွက်လျက်ရှိသည်။

 

“ဒီနှစ်မန်ကျည်းပေါ်ချိန်မှာ ရာသီဥတုကြောင့် အထွက်နှုန်းက မနှစ်ကထက် သုံးပုံတစ်ပုံလောက်ပဲ ထွက်တယ်။ ဒါ့အပြင် ဝါနှစ်ဝါထပ်တဲ့အတွက် ထွက်ပေါ်ချိန်လည်း နောက်ကျတယ်။ ဒါကြောင့် ဈေးနှုန်းက မနှစ်ကထက် တစ်ဆလောက် မြှင့်တက်လာတဲ့အပြင် ဝင်လာသမျှ မန်ကျည်းတွေကို ဈေးကွက်မှာ စောင့်ပြီးဝယ်ယူနေကြရတယ်။ လောလောဆယ် ဈေးကွက်မှာတော့ ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေ အစောဆုံး ဆင်းဝယ်နေကြတယ်။ မန်ကျည်းတစ်လှည့် ဇီးတစ်လှည့်ဆိုတဲ့ မြန်မာ့ဆိုရိုးအရဆိုရင် ဒီနှစ်မှာတော့ မန်ကျည်းဈေးကောင်းတဲ့ အလှည့်လို့ ပြောရမှာပဲ” ဟု  မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

mdn

 

မြန်မာ့မန်ကျည်းကို နှစ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ပုံမှန်ဝယ်ယူလေ့ရှိပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ တရုတ်နိုင်ငံမှလည်း ဝယ်ယူမှုများ ရှိလာကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း ရမည်းသင်းနှင့် ကျောက်ပန်းတောင်း မြို့နယ်များမှလည်း ထပ်မံ ထွက်ရှိလာတော့မည်ဖြစ်ရာ သင်္ကြန်မတိုင်မီ ကာလအတွင်း ဈေးကွက်သို့ နယ်စုံမှ မန်ကျည်းများ လှိုင်လှိုင် ဝင်ရောက်လာတော့မည်ဖြစ်သည်။

 

မန်ကျည်းပင်ကို မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ နှစ်ရှည်ပင်အဖြစ် အများဆုံးစိုက်ပျိုးခဲ့ကြပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ နွေဦးပေါက်ရာသီတွင် ခူးဆွတ်ယူနိုင်သည်။ မြန်မာလူမျိုးများအတွက် ဆေးဝါးအဖြစ်သာမက ဟင်းချက်ရာတွင် ထည့်သွင်း အသုံးပြုလျက်ရှိသည့်အပြင် ပြည်ပပို့ကုန်အဖြစ်လည်း အားထားရသည့် သီးနှံဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)