အထက်ရဲရွာမှ ဖော်ဆောင်ပေးမည့် အလင်းစွမ်းအား

လင်းသစ်

အရှိန်ဖြင့် စီးဆင်းနေသောမြစ်၏ ဘေးဘက်တွင် တောင်နံရံများကို ရေထိန်းနံရံအဖြစ် ပြုပြင်ပြောင်းလဲခြင်း၊ ရေယူကွန်ကရစ် အဆောက်အအုံ တည်ဆောက်ခြင်းအပါအဝင် လုပ်ငန်း ရပ်များစွာကိုဆောင်ရွက်ရင်း စီမံကိန်းလုပ်ငန်းခွင်သည် သက်ဝင်လှုပ်ရှားနေ သည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးကာ စီမံကိန်းလျာထား လုပ်ငန်းများကို ပြီးစီးအောင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။

လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို များစွာအထောက်အကူပြု

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက မဂ္ဂါဝပ် ၂၈၀ ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီ ၁၄၀၉ သန်းကို ဓာတ်အားကွန်ရက်စနစ်မှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးသို့  ထုတ်လုပ် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်သည်။ ထိုသို့ ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်မည့် လျှပ်စစ် ဓာတ်အားသည် နိုင်ငံအတွင်းရှိ လူဦးရေ ၃ ဒသမ ၇ သန်းနှင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၆ ဒသမ ၆ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲ နိုင်မည်ဖြစ်သောကြောင့် နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။

“အခု လက်ရှိခံစားရတဲ့ အကျိုးကတော့ ဒေသခံတွေအတွက် အလုပ်ရတယ်။ စီမံကိန်းက နှစ်နဲ့ချီဆောင်ရွက်တော့ အလုပ်အကိုင်အခွင့်အလမ်းပေါ်တယ်။ ပြီးတော့ ကျွန်တော်တို့ရွာဆိုရင် မီးရရှိနေပါပြီ။ ဒီစီမံကိန်းက တစ်နိုင်ငံလုံးသုံးဖို့ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ကိုယ့်ဒေသကနေ ကိုယ့်လူမျိုးတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်ဖြစ်ပါတယ်” ဟု စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် တောင်ခြေရွာမှ ဦးစိုင်းလောင်(ဝ်)ခမ်းက ပြောသည်။

လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ ခန့် အကွာ တောင်ခြေကျေးရွာအနီးရှိ မြစ်ငယ်မြစ်ပေါ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။

စူးစမ်းလေ့လာမှု ဆောင်ရွက်ခဲ့

မြစ်ငယ်မြစ်ပေါ်၌ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှကုမ္ပဏီ Sir Alexandra Gibb & Partners က ဦးစွာစူးစမ်း လေ့လာမှုကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ မြန်မာ့လျှပ်စစ်ဓာတ် အားလုပ်ငန်းက ၁၉၇၃ ခုနှစ်တွင် စူးစမ်းလေ့လာမှု ဆောင်ရွက်ခဲ့သည်။ ထို့အတူ Burma Umbrella Project အစီအစဉ် အရ ဂျပန်နိုင်ငံ NEWJEC ကုမ္ပဏီက ၁၉၇၈ ခုနှစ်တွင် လေ့လာမှုဆောင်ရွက်ခဲ့သည်။ ထိုမှတစ်ဖန် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co.,Ltd တို့ ပူးပေါင်းကာ လေ့လာမှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံနှင့်ဒေသ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အကျိုးဖြစ်ထွန်း နိုင်သည်ကို လေ့လာတွေ့ရှိကြသည်။

“စီမံကိန်းလုပ်ငန်းရဲ့အောက်မှာ လုပ်ငန်းရပ်တွေက အများကြီးရှိပါတယ်။ နိုင်ငံကိုအကျိုးပြုမယ့် စီမံကိန်း တစ်ခုဖြစ်တာမို့ စီမံကိန်းသတ်မှတ်ချက်အတိုင်း အချိန်မီပြီးစီးဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ စီမံကိန်းအစမှာ အကြိုလုပ်ငန်းတွေအနေနဲ့ စီမံကိန်းချဉ်းကပ် လမ်းဖောက်တာ၊ ဒီလမ်းကို အဆင့်မြှင့်တာ၊ စီမံကိန်းစခန်း တည်ဆောက်တာ၊ ရေ၊ မီးရရှိရေး၊ စူးစမ်းလေ့လာတိုင်းတာရေး စတဲ့လုပ်ငန်းတွေကို အဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြီးတော့ ရေလွှဲဥမင်လိုဏ်၊ ယာယီရေတားတမံ၊ ပင်မတမံတည်ဆောက်တာ၊ ရေယူအဆောက်အအုံနဲ့ ရေသွယ်ဥမင်လိုဏ် တည်ဆောက်တာ၊ ဖိအားမြင့် သံမဏိ ပိုက်လိုင်းဆောင်ရွက်တာနဲ့ ဓာတ်အား ပေးစက်ရုံတည်ဆောက်တာ စတဲ့လုပ်ငန်း တွေကိုလည်း တစ်ပါတည်း အကောင် အထည်ဖော်ရပါတယ်”ဟု ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ် (၃) တည်ဆောက်ရေးမှ ဦးစီးအရာရှိ ဦးဖုန်းကြွယ်က ပြောသည်။

စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၅၃ ဒသမ ၂၁ ရာခိုင်နှုန်းပြီးစီး

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံ ကိန်းတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၅၃ ဒသမ ၂၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာ နှစ်တွင် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ရေယူအဆောက်အအုံ ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း၊ ပင်မတမံ မြေကြီးကျောက်သား တူးဖော် ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်း၊ စိန်လွန်တွင်း တူးဖော်ခြင်းနှင့် ဘိလပ်မြေဖိသွင်းခြင်း လုပ်ငန်း၊ RCC/CVC ခွဲကျောက်များ ကြိတ်ခွဲထုတ်လုပ် စုဆောင်းခြင်း လုပ်ငန်းများကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ရေယူအဆောက်အအုံလုပ်ငန်း၊ ပင်မတမံ စိန်လွန်တွင်းတူးဖော်ခြင်းနှင့် ဘိလပ်မြေ ဖိသွင်းခြင်းလုပ်ငန်း၊ precast ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။

မြန်မာ့ လျှပ်စစ်ဓာတ်အားစနစ်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုသည် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံနှင့် ပြည်ပမှ တင်သွင်းသော LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတို့မှ ဖြစ်သည်။ အထက်ရဲရွာစီမံကိန်းမှ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ရေအားအရင်း အမြစ်ကိုအသုံးချခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အထောက် အကူပြုနိုင်စေရန် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနသည် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို သတ်မှတ်ကာလတွင် စနစ်တကျ အချိန်မီပြီးစီးနိုင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက် ဆဲဖြစ်သည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ကြိုးပမ်း ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

“စီမံကိန်းအကောင်အထည်ဖော်ရာမှာ ရေဝပ်ဧရိယာအတွင်း ကျရောက်တဲ့ ကျေးရွာတွေအတွက်လည်း ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့နဲ့လူမှုစီးပွားအခြေ အနေနဲ့ပတ်သက်ပြီးတော့ မူလထက် သာလွန်ကောင်းမွန်တဲ့ အခြေအနေရရှိ အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဦးစီးအရာရှိ ဦးသိန်းဇော်ကပြောသည်။

မြစ်ငယ်မြစ်ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိသည်။ ထို့အတူ အထက်ရဲရွာစီမံကိန်း မဂ္ဂါဝပ်၂၈၀၊ နမ္မတူ (သီပေါ) စီမံကိန်း မဂ္ဂါဝပ် ၂၁၀၊ အလယ်ရဲရွာစီမံကိန်း ၇၃၅ မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် ၆၀ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွား ဆောင်ရွက်မှုများကို လျှပ်စစ်ကဏ္ဍသည် တစ်ထောင့် တစ်နေရာမှ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ နေ့စဉ်နှင့်အမျှ လိုအပ်သော လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု ဖြည့်တင်းပေးပြီး ပြည်သူ ၃ ဒသမ ၇ သန်းကို အကျိုးပြုနိုင်မည့် အလင်းစွမ်းအား ဖြန့်ဖြူးပေး သွားရန်အတွက် အထက်ရဲရွာ ရေအား လျှပ်စစ်စီမံကိန်းကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။