အတားအဆီးကင်းဝေး မသန်စွမ်း လူ့အခွင့်အရေး

ထက်ဝေအောင် (စစ်ကိုင်း)

နိုင်ငံတစ်နိုင်ငံ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါဆုံးသော အရင်းအမြစ်မှာ လူ့စွမ်းအား အရင်းအမြစ်ဖြစ်ပါသည်။ သဘာဝအရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် တီထွင်ထုတ်လုပ်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြင့်တက်စေပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိလှသော လူ့စွမ်းအား အရင်းအမြစ်တွင် မသန်စွမ်းသူများလည်း တန်းတူညီမျှ အချိုးကျပါဝင် လျက်ရှိပြီး မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတွင် "မွေးရာပါဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်း ဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်း အားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်။" ဟု ပါရှိပေသည်။

မသန်စွမ်းဖြစ်ရခြင်းကို လေ့လာဆန်းစစ်ကြည့်ပါက မွေးရာပါဖြစ်ပွားခြင်း၊ သဘာဝဘေး၊ စစ်ဘေး၊ မတော်တဆ ထိခိုက်ခြင်းတို့မှတစ်ဆင့် ဖြစ်ပွားကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်ကြပြီး မသန် စွမ်းသူ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပေသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ မသန်စွမ်းဦးရေတည်ရှိမှုနှင့် ဆင်းရဲနွမ်းပါးမှုသည် ဆက်စပ်လျက်ရှိကြောင်း သုတေသီ များက ဖွင့်ဆိုကြသည်။ မသန်စွမ်းသူနှင့် မိသားစုဝင်များ၊ ဘဝတစ်လျှောက် အခက်အခဲမျိုးစုံ၊ အတားအဆီးမျိုးစုံကြုံဆုံခဲ့ရမှုများကို ဆန်းစစ်ကြည့်ပါက ပတ်ဝန်းကျင် အတားအဆီးမှာ လွန်စွာကြီးမားနေကြောင်း တွေ့ရှိရပါ သည်။

ကြီးမားသော အတားအဆီးတစ်ခုလည်းဖြစ်

မသန်စွမ်းသူများမှာ လူသားများဖြစ်ခြင်းကြောင့် ကောင်းမွန်သော စိတ်ခံစားချက်ဖြင့် အသက်ရှင်ရပ်တည် လိုကြသည်။ အဆိုးမြင် အထင်သေးသည့် အပြုအမူမျိုးကို နှစ်သက်လေ့မရှိသည်မှာ လူသားတစ်ယောက်၏ စိတ်ခံစားချက်သာ ဖြစ်ပါသည်။ လူ့စိတ်ကို တားဆီးပိတ်ပင်ခြင်းမှာ ခံရခက်သော စိတ်ဝေဒနာကို ဖြစ်ပေါ်စေသည်။ သန်စွမ်းသူပင်လျှင် စိတ်ကျရောဂါဝင်လာနိုင်သည်။ ခွဲခြားဆက်ဆံခြင်းသည် ကောင်းမွန်သောစိတ် ခံစားချက်မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် အခြေခံစံသတ် မှတ်ချက်များကို ချိုးဖောက်သည့်ပမာ တူညီသည်။ မသန်စွမ်းသူများသည် မသန်သော်လည်းစွမ်းကြသည် ဟူသောစကားရပ် ရှိပါသည်။ မသန်စွမ်းသူတစ်ဦးချင်းအလိုက် ကိုယ်ရည်ကိုယ်သွေးအသီးသီးရှိကြသည်။ ယခင် အချိန်ကာလများက မသန်စွမ်းသူများအတွက် နေ့စဉ် လူနေမှုဘဝ အခက်အခဲ၊ အတားအဆီးများစွာရှိခဲ့သည်။ မသန်စွမ်းသူများ၏ အားနည်းချက်ကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအမြင်နှင့် လက်လှမ်းမီ ရယူသုံးစွဲခွင့်မရှိသော အတားအဆီးများစွာ တည်ရှိနေခဲ့သည်။ မသန်စွမ်းသူများအား ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှု ချို့ယွင်းအားနည်းချက်ရှိသူများအဖြစ် လူမှုအသိုင်းအဝိုင်းတွင် သတ်မှတ်ထားကြသည်။ အဆိုပါအချက်မှာ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကြီးမားသော အတားအဆီး တစ်ခုလည်း ဖြစ်ပါသည်။ ။

ယေဘုယျသဘောဖြင့်ကြည့်လျှင် မသန်စွမ်းသူများကို အားနည်းချက်ရှိသူများဟု သတ်မှတ်လျက် လူ့အလွှာအသီးသီးတွင် မသန်စွမ်းသူများကို အလုပ်အကိုင်နေရာပေးခြင်းမရှိဘဲ ခွဲခြားဆက်ဆံလာခဲ့ကြသည်။ မသန်စွမ်းမှုကို အကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ် အသီးသီးတွင် အခြားသူများနည်းတူ အသိအမှတ်ပြုရေးနှင့် သာတူညီမျှရရှိခံစားရေးတို့ကို အဟန့်အတားဖြစ်စေသည့် ခွဲခြားခြင်း၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဘေးဖယ်ချန်လှပ်ထားခြင်းနှင့် ပါဝင်လှုပ်ရှားဆောင်ရွက်မှုကို ကန့်သတ်ထားခဲ့ကြသည်။ အကြောင်းရင်း မှာ မသန်စွမ်းသူများ၏ စိတ်သဘောကို နားလည်မှုမရှိခြင်း၊ လျစ်လျူရှုခြင်း၊ စိုးရိမ်ကြောက်လန့်မှုများဖြင့် အရိုးစွဲ နားလည်မှုလွဲခဲ့ခြင်းသာ ဖြစ်ပါသည်။

ခိုင်မာသောအုတ်မြစ်ဖြစ်

လူသားတိုင်း ဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည့် လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိခံစားလိုကြပေသည်။ လူထဲကလူ မသန်စွမ်းသူများမှာလည်း လူသားများပီပီ လူ့အခွင့်အရေး ရသင့်ရထိုက်ပေသည်။ လက်တွေ့ဘဝပေး အခြေအနေတွင်မူ ပတ်ဝန်းကျင်၏ တားဆီးပိတ်ပင်မှု အမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရသူများ ဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး ကံအကြောင်းတရား မတူညီမှုရှိသော် လည်း ကံမစွမ်း ဉာဏ်စွမ်းရှိပေသည်။ လောကဓံကို အနိုင်မခံ အရှုံးမပေးစိတ်ရှိသော မသန်စွမ်းသူများ၏ အားမာန်ကို ဂုဏ်ပြုကြိုဆိုကြရပါမည်။ အရှုံးမပေးလိုသည့် စိတ်ဓာတ်သည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ခိုင်မာသောအုတ်မြစ်ဖြစ်ပါသည်။

မသန်စွမ်းသူများ၏စိတ်များ ပိုမိုသန်စွမ်းကျန်းမာလာစေရန် လေ့ကျင့်ပေးကြရပါမည်။ အချို့သော မသန်စွမ်းသူများသည် စိတ်ဓာတ်အလွန်ကြံ့ခိုင်ကြပြီး သာလွန်ဇွဲနပဲဖြင့်လည်း ပြည့်စုံကြသူများဖြစ်သည်။ မိသားစုဘဝထူထောင်ခြင်း၊ ပညာသင်ကြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ ခံစားခွင့်ရရှိခြင်းအစရှိသည့် လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်ရပ်တည်ရေးအခန်းကဏ္ဍများမှာ မသန်စွမ်းသူများ၏ အဓိကလိုလားချက်များ ဖြစ်ပါသည်။ မျက်မှောက်ခေတ် မသန်စွမ်းသူများအရေးသည် သန်စွမ်းသူများအရေးကဲ့သို့ တစ်ပါတည်း လက်ခံနိုင်စွမ်းရှိလာကြသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးရရှိရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီးက အာရုံစိုက်ကြိုးပမ်းလာခဲ့ပြီး မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ နိုင်ငံပေါင်း ၁၅၄ နိုင်ငံပါဝင် လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်တွင် မသန်စွမ်းသူများ၏ လူမှုစီးပွားအခွင့်အရေးများ ပါဝင်လာခဲ့သဖြင့် သာတူညီမျှ တစ်သားတည်းရပ်တည်နိုင်ခွင့်၊ လိုအပ်ချက်ကိုတောင်းဆိုနိုင်ခွင့်ဟူသော အားသာချက်များ ခံစားရရှိချိန်ဖြစ်ပါသည်။ တားဆီးပိတ်ပင်မှု အနည်းဆုံးအခြေအနေကို မသန်စွမ်းသူများအရေး ပါဝင်ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများ လက်တွဲဖော်ဆောင်နိုင်သည့် အနေအထားနှင့် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာပြီဖြစ်သည်။

အလေးထားဆောင်ရွက်ရန်အချက်များ ပါရှိ

မသန်စွမ်းမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် ကြေညာထားသည့် ကတိကဝတ်ခုနစ်ချက်ပါ မူဝါဒပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများပြုလုပ်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး၊ မသန်စွမ်းသူများ၏ စီးပွားရေး စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်အတွင်း သင့်လျော်သည့်ပတ်ဝန်းကျင် ဖန်တီးရေး၊ သတင်းအချက်အလက်နည်းပညာများ အချိန်နှင့်တစ်ပြေးညီ လက်လှမ်းမီ အသုံးပြုနိုင်ရေး၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်များချမှတ်ရေး၊ အရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများကို ကူညီ စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးအလေးထား ဆောင်ရွက်ရန်အချက်များ ပါရှိပေသည်။

မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေး၊ တရားမျှတမှု၊ လူမှုစီးပွားဘဝ လူတန်းစေ့ရပ်တည်နိုင်ရေး ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများအခွင့်အရေး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ အလားတူပင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ မသန်စွမ်းသူများအတွက် ရည်ရွယ်၍ မသန်စွမ်းသင်တန်းကျောင်း ရှစ်ကျောင်း ဖွင့်လှစ်လျက် မသန်စွမ်းသူများ၏ လိုအပ်ချက်အရပ်ရပ်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မသန်စွမ်းသူများအုပ်စုတွင်ပါဝင်သည့် အမြင်အာရုံချို့ယွင်းသူများ လက်လှမ်းမီသိရှိနိုင်စေရန် မျက်မမြင်ပုံနှိပ် စာထုတ်ဝေခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သည့် အနှိပ်အကြောပြင်သင်တန်း၊ ကြိမ်ထိုးလက်မှုသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဂီတသင်တန်း၊ ဗေဒင်သင်တန်းများ၊ အကြားအာရုံချို့ယွင်းသူများအတွက် သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်စေရန် လက်သင်္ကေတပြသခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များဖြစ်သည့် ကွန်ပျူတာ ပန်းထိုးသင်တန်း၊ စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်းများ လက်သင်္ကေတပြ ကျွမ်းကျင်စကားပြန်များဖြင့် သင်တန်းများနှင့် ဘက်စုံဖွံ့ဖြိုးရေးလေ့ကျင့်သင်ကြား ပေးသည့် အက၊ ပန်းချီ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်း များကို စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိပါသည်။ထို့အတူ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အတားအဆီးများတွင် နိုင်ငံရေးတွင် ပါဝင်ခွင့်ဆိုသည့်အခြေအနေတစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံရေးတွင်ပါဝင် ခွင့်ရရှိရေးသည် စိတ်ပါဝင်စားသည့် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ အတားအဆီးမဲ့စွာ ပါဝင်နိုင်ရေးအခန်း ကဏ္ဍမှာ အရေးပါသည့် အခန်းကဏ္ဍဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၃၂(က) တွင် "နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်"ဟူ၍ ပြဋ္ဌာန်းထားရှိသဖြင့် မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုရရှိရေး ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းမှုအမျိုးအစားအလိုက် အထူးစောင့်ရှောက်မှုပေးကြရမည် ဖြစ်ပါသည်။

ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်

ယနေ့မျက်မှောက်ခေတ်သည် မသန်စွမ်းသူများ၏ သန်စွမ်းခိုင်မှုကို မီးမောင်းထိုးပြနေချိန် ဖြစ်ပါသည်။ မသန်စွမ်းသူများ လူ့အသိုက်အဝန်းတွင် အတားအဆီး၊ အမှီအခိုကင်းကင်းဖြင့် နေထိုင်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများ၏ လက်တွေ့ဘဝကို မြှင့်တင်ပေးလျက် လက်တွဲခေါ်ငင်ရာ တွင် လူသားချင်းစာနာနားလည်မှု အတွေးအမြင်သစ်ဖြင့် ပွင့်လင်းမြင်သာ ချစ်ခင်စွာစောင့်ရှောက်နိုင်ရန် လိုအပ် လှပါသည်။ နေ့စဉ်ကျင်လည်နေရသည့် လူမှုနယ်ပယ်ရှိ ပြုပြင်ပြောင်းလဲ ပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် မသန်စွမ်းသူများအသုံးပြုနိုင်သည့် ကျယ်ဝန်းသော အတက်၊ အဆင်း တံခါးပေါက်များ၊ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် ဆင်ခြေလျှောအတက်၊ အဆင်း တံခါးပေါက်၊ လက်ကိုင်ကွင်းနှင့်တန်းများ၊ မသန်စွမ်းသူ များအတွက် ထိုင်ခုံနေရာသတ်မှတ်ချက်၊ ကားမှတ်တိုင် တိကျစွာ ရပ်တန့်ပေးမှုနှင့် ယာဉ်မောင်းများ၏ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်လှသည်။ မသန်စွမ်းသူများ နေ့စဉ်ကြုံတွေ့နေရသည့် ရုပ်ဝတ္ထုအတား အဆီးများစွာ ကျော်ဖြတ်နိုင်ရန် သတင်း မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးကြေညာ ချက်များ ထုတ်ပြန်လျက် ဂရုတစိုက် ဖြေရှင်းပေးကြရပါမည်။

မသန်စွမ်းမှုသည် မွေးရာပါ သို့မဟုတ် မွေးပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ရသည့် အခြေအနေတစ်ရပ်ဖြစ်ပါသည်။ လူ့အသိုင်းအဝိုင်းတွင် ချို့ယွင်းမှုနှင့်အတားအဆီး ပေါင်းစပ်ဆေးခြယ်လိုက်သဖြင့် မသန်စွမ်းရခြင်းဖြစ်ပါသည်။ မသန်စွမ်းမှုကို ခွဲခြား ဆက်ဆံမှုမပြုဘဲ မသန်စွမ်းသူများ စိတ်ဓာတ်တက်ကြွလျက် လူ့ဘောင်အသိုင်းအဝိုင်းကြားဝင်ဆံ့နိုင်ရေး မိသားစုနှင့် ပတ်ဝန်းကျင်က ကြည့်ရှုစောင့်ရှောက်ပေးရပါမည်။ ချို့ယွင်းမှုကို နားလည်လက်ခံပြီး အတားအဆီးများ ဖြေလျှော့နိုင်မည်ဆိုပါက မသန်စွမ်းမှု အခြေအနေများမှာလည်း မှေးမှိန်ကွယ်ပျောက်သွားခြင်း၊ မသန်စွမ်းသူများ လူ့အခွင့်အရေးမှန်သမျှ တန်းတူညီမျှရရှိခြင်း၊ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့ခြင်း အသီးအပွင့်များ ခံစားရရှိလျက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ စွမ်းရည်ပြည့်ဝ ရေရှည်တည်တံ့သော လူ့အသိုက်အဝန်းတစ်ခု ပီပြင်စွာ ထုဆစ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ယုံကြည်မျှော်လင့်စွာဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

ကြေးမုံ