အတာမီဒေသခံများ ရွှံ့နွံများဖုံးလွှမ်းနေသော အိမ်များရှိရာသို့ ပထမဆုံးအကြိမ် သွားရောက်

ဇူလိုင် ၁၂

 

ဂျပန်နိုင်ငံအလယ်ပိုင်း အတာမီဒေသတွင် ယခုလအစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရွှံ့နွံများဖုံးလွှမ်းခဲ့ပြီး‌နောက် နေအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ဒေသခံများအား ၎င်းတို့နေအိမ်များဆီသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရန် ခွင့်ပြုခဲ့ သည်။

 

အီဇူဆန်ခရိုင်ရှိ မြို့တော်၏ တောင်စောင်းတစ်ခုတွင် ဇူလိုင် ၃ ရက်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြိုကျလာသော ရွှံ့နွံများကြောင့် အဆောက်အဦ ၁၃၀ ခန့် ပျက်စီးခဲ့သည်။ လူဦးရေ ၁၀ ဦးခန့် သေဆုံးပြီး ၁၈ ဦးခန့် ပျောက်ဆုံးလျက်ရှိသည်။

 

အတာမီဒေသမှ ပြည်သူပေါင်း ၅၈၀ ခန့်ကို ဒေသတွင်းဟိုတယ်များတွင် ရွှေ့ပြောင်းကယ်ဆယ်ထားပြီး အချို့မှာ ၎င်းတို့အတွက် လိုအပ်သည့် ဆေးဝါးများနှင့် အခြားပစ္စည်းများကို တစ်ပါတည်း ယူဆောင်လာနိုင်ခြင်းမရှိပေ။

 

ပြည်သူ ၁၀ ဦးခန့်သည် လိုအပ်သည့်ပစ္စည်းများသိမ်းယူရန် အသွားအလာကန့်သတ်ထားသည့် နေရာတွင်ရှိသော ၎င်းတို့နေအိမ်များသို့ ဘတ်စ်ကားဖြင့် ဇူလိုင် ၁၂ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများပါ လိုက်ပါခဲ့ကြောင်းနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အချိန် ၂ နာရီခန့်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၄ ရက်တွင်လည်း ယခုကဲ့သို့ လာရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်