အဋ္ဌမအကြိမ် MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား မော်လမြိုင်၌ ကျင်းပ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပူးပေါင်းကျင်းပသော အဋ္ဌမအကြိမ် MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

ဆုပေးပွဲအခမ်းအနားတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခုလို ဒေသတွင်း ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပေးတဲ့အတွက် မွန်ပြည်နယ်အတွင်း ထွက်ရှိသော ထုတ်ကုန်များအား အခြားဒေသမှ ပြည်သူများသိရှိပြီး ပိုမိုသုံးစွဲလာမည် ဖြစ်သည့်အတွက် MSMEs လုပ်ငန်းများအနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ဈေးကွက်များ အခိုင်အမာရရှိလာမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပလျက်ရှိသည့် MSMEs Product Show ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မိမိထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ဈေးကွက်ရှိ စားသုံးသူများမှ တိုက်ရိုက်ထိတွေ့ ဆန်းစစ်နိုင်သည့်အတွက် အားသာချက်၊ အားနည်းချက်များကို သိရှိပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန်များ၊ ဆန်းသစ်သော ဒီဇိုင်းများဖြင့် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်လာနိုင်မည်ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့်ချေးငွေ၊ နည်းပညာနှင့် ဈေးကွက်များ အစရှိသည့် အကျိုးရလဒ်ကောင်းများ မလွဲမသွေ ရရှိလာမှာဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့် စပ်လျဉ်းသော အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်အသိအမှတ်ပြု ဒေသဆိုင်ရာ MSMEs ထုတ်ကုန်ဆုချီးမြှင့်ပွဲကို ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြိုင်ပွဲတွင် တတိယဆုရရှိသူများကို စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က လည်းကောင်း၊ ဒုတိယဆုရရှိသူများကို မွန်ပြည်နယ် MSMEs Agency ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီး ဦးဝဏ္ဏကျော်က လည်းကောင်း၊ ပထမဆုရရှိသူများကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပူးပေါင်းကျင်းပသော အဋ္ဌမအကြိမ် MSMEs  ဒေသတွင်း ထုတ်ကုန်ပြိုင်ပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၃၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)