အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဆောင်ရွက်တော်မူသည်။

 

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာလင်္ကာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။

 

ဆက်လက်၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။

 

ထို့နောက် ပြည်တောင်စုဝန်ကြီးသည် မဟာနာယကကျောင်းတော်ကြီးသို့သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား အလှူရှင်မိသားစုများနှင့်အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဥပ္ပါတသန္တိဝတ်ရွတ်စဉ်ကျမ်းနှင့် ဗုဒ္ဓရုပ်ပွားပုံတော်များကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေးဒုတိယနေ့ ဒုတိယပိုင်းကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

 

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။

 

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက အတည်ပြုချက်ရယူပြီးအဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။                                                

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက်ဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက သတ္တတိံသတိမ (၃၇) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့်နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဟာပါသာဏလိုဏ်ဂူတော်ကြီး ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပျက်စီးချို့ယွင်းမှုမရှိစေရေး၊ ယခုလက်ရှိ အခြေအနေထက် လျော့ကျမှုမရှိစေရေး စဉ်ဆက်မပြတ်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး (၄၇) ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သော သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆုံးဖြတ်ချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ယင်းတို့ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ တင်ပြညှိနှိုင်း၍ ဆောင်ရွက်ရေးမှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများက သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များ ဆောင်ရွက်မှုနှင့် ဒေသအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်‌ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်