အုန်းလက်မှုပစ္စည်းပြုလုပ်ခြင်းနှင့် အုန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာ သင်တန်းဖွင့်

ဘားအံ ဇန်နဝါရီ ၂၄

 

ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ဦးဆောင်မှုဖြင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှဖွင့်လှစ်သည့် အုန်းလက်မှုပစ္စည်းပြုလုပ်ခြင်း နှင့်အုန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့်ပင်မ ကျောရိုးလုပ်ငန်းများဖြစ်ပြီး လူငယ်လူရွယ်များနှင့်အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရေး အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခင်ကအုန်းသီးကို စားသုံးမှုအတွက်သာသုံးစွဲကြသော်လည်း ယခုအခါ နည်းပညာများအသုံးပြု၍ စားသောက်ကုန်များအပြင် လူသုံးကုန်များ၊ အလှကုန်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေဩဇာများအဖြစ် ထုတ်လုပ်သုံးစွဲနေကြပြီဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချ ပေးမည့်သင်ခန်းစာများကို လေ့လာအသုံးချ၍ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား စနစ်တကျ ထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရန် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းဟန်က သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်း များအား လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၁၅ ဦး တက်ရောက်လျက်ရှိပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)