အုပ်စုဖွဲ့ရမ်းကားသည့် ခိုးဆိုးလုနှိုက်များအား ဖမ်းဆီးရာမှ ဓားပြမှုတရားခံပြေးနှင့် လူသတ်မှုတရားခံပြေးများ ဖမ်းဆီးရမိ

ဖားကန့် ၂၀ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေအတွင်း မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ရဲစခန်းမှူး ဒုရဲအုပ် စိန်မြင့်ထွန်း ဦးစီး၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သစ်လွင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် လှည့်ကင်း၊ ဝပ်ကင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိစဉ် ဆန်ခါကျေးရွာ၊ မှော်ပုံကျေးရွာနှင့် ကံဆီးကျေးရွာများရှိ စွန့်ပစ်မြေစာပုံများတွင် ခိုးဆိုးလုနှိုက်များဖြင့် မကြာခဏအုပ်စုဖွဲ့ ဆိုးသွမ်းရမ်းကားနေသော လူငယ်တစ်စုအား ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ၎င်းတို့ အိမ်ခန်းငှားရမ်း နေထိုင်သည့် မှော်ပုံကျေးရွာ၊ ဦးနေမင်းထွန်း၏ နေအိမ်သို့ ပြန်လာချိန် စောင့်ဆိုင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိခဲ့သည့် မာလ (ခ) အောင်ဂျာဆိုင်း (၂၀)နှစ်၊ မာတူး (ခ) စိုင်းတူးတူး (၁၈)နှစ် တို့ညီအစ်ကိုနှစ်ဦးအား စစ်ဆေးခဲ့ရာ နယ်မြေရဲစခန်း(လုံးခင်း)၏ (ပ)၉၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၉၅/ကျင့်-၅၁၂ အမှုမှ (ဓားပြမှုမှ ထွက်ပြေးတိမ်းရှောင်နေသော) တရားခံပြေးများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ထို့အပြင် မာတူး (ခ) စိုင်းတူးတူးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် နံနက် ၃ နာရီခန့်တွင် မှော်ပုံကျေးရွာ၊ ကျော်နိုင်စွန့်ပစ်မြေစာပုံ၌ ဖြစ်ပွားခဲ့သော စိုးဦး (ခ) ပြည့်စုံ (ခ) ကုလားလေး (၂၂)နှစ် ရေမဆေးကျောက်ရှာသူ၊ ငြိမ်းချမ်းသာယာရပ်ကွက်နေသူအား ဓါးဖြင့်ထိုးသတ်ခဲ့၍ နယ်မြေရဲစခန်း(လုံးခင်း)၌ ရေးဖွင့်ထားသော (ပ)၁၆၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အမှုမှ (လူသတ်မှု) တရားခံပြေးဖြစ်ကြောင်း ထပ်မံတွေ့ရှိခဲ့ရသည်။

 

အဆိုပါ လူသတ်မှုတွင် မာတူး (ခ) စိုင်းတူးတူးနှင့်အတူ ကျူးလွန်ခဲ့သော အခြားတရားခံပြေးများအား လိုက်လံဖမ်းဆီးရာ မှော်ပုံကျေးရွာ၊ လမ်းသွယ်(၇)မှ ယောဘီ (ခ) အဒီး၊ (၁၇)နှစ်အား မွန်းတည့် (၁၂)နာရီခန့်တွင်လည်းကောင်း၊ ငြိမ်းချမ်းသာယာရပ်ကွက်မှ ကိုရဲ (ခ) ရဲထွဋ် (၃၄)နှစ်အား  မွန်းလွဲ (၁)နာရီခွဲခန့်တွင်လည်းကောင်း၊ ကံဆီးကျေးရွာမှ ပန်လှိုင်(၁၇)နှစ်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Honda တံဆိပ်၊ နက်/နီကြား DT-125 ဆိုင်ကယ်(၁)စီး၊ အရိုးအသွား (၁၃)လက်မခန့်ရှိ သက်သေခံဓါးမြှောင် (၁)ချောင်းတို့နှင့်အတူ မွန်းလွဲ (၃)နာရီခွဲခန့်တွင်လည်းကောင်း  အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိခဲ့သည့် ဓားပြမှုတရားခံပြေးနှင့် လူသတ်မှုတရားခံပြေးတို့အား  လုံးခင်းနယ်မြေ ရဲစခန်း၌ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တာလင်းမောင်(ဖားကန့်)