အုတ်တွင်း၊ မရမ်းကုန်း၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၄  

 

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာအနီး၊ အုတ်တွင်း-ပေါက်ခေါင်းသွား ကားလမ်းတွင် ကောင်းပြည့်ထူးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၇၆၀ နှင့် မြန်မာငွေကျပ် ၂၃,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီခွဲတွင် အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်နေ ရန်နောင်ထွန်း(ခ)အကြီးကောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ၊ မြန်မာငွေကျပ် ၃ ဒသမ ၄၉၆၅ သိန်းနှင့် နေအိမ်ခြံဝင်း အတွင်း HONDA STREAM အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကိုလည်းကောင်း၊ ထိုနေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်းတွင် စွမ်းရည်ထက်(ခ) ကိုရှီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၈၀၀ နှင့် အိုက်စ် သုည ဒသမ ၀၀၁၁ ကီလိုတို့ကိုလည်းကောင်း။

 

ဖေဖော်ဝါရီ ၃ ရက် နံနက် ၉နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဆန်နားကျေးရွာနေ အိုက်နွန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၄၀၀ ၊ အိုက်စ် သုည ဒသမ ၀၃ ကီလို၊ အက်တက်ဆီ ဆေးပြား ၂ ပြားနှင့် ARMELEGANT ANG – 5 တံဆိပ်ပါ သေနတ်  ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၃ တောင့်၊ ပွိုင့် ၂၂ ပြောင်းချောသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၃ တောင့်တို့ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မိုင်းဆတ်မြို့နယ်၊ စတုံး ကျေးရွာအုပ်စု၊ လွယ်ပါရင်(၁) ကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွားလမ်းတွင် အိုက်ကွမ်(ခ) စိုင်းကောင် မောင်းနှင်ပြီး စိုင်းနော် လိုက်ပါလာသည့် VIGO အမျိုးအစားမော် တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် အင်ဂျင်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)