စပိန်လာလီဂါပွဲစဉ် (၂၃) မှ ဖေဖော်ဝါရီ ၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဆိုစီဒက်နှင့် အယ်ချီအသင်းပွဲစဉ်တွင် ဆိုစီဒက်အသင်းက ဆူဆစ်၊ အိုယာဇာဘယ်၊ အိုကာဆန်တို့၏ သွင်းဂိုးများကြောင့် သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ဥရောပဝင်ခွင့်ရရှိရေး မျှော်လင့်ချက်အားကောင်းလာခဲ့သည်။

တန်းဆင်းဇုန်အထက်တွင် ပြတ်သားသောရလဒ်ဖြင့် ရပ်တည်နိုင်ရေး အားစိုက်ကစားလာသော အယ်ချီအသင်းသည် ဆိုစီဒက်အသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်စွမ်းမရှိသည့်အတွက် ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့သည်။ အယ်ချီအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ခုနစ်ပွဲတွင် နိုင်ပွဲရယူထားနိုင်ခြင်းမရှိဘဲ ရှုံးပွဲငါးပွဲအထိရှိလာပြီဖြစ်သည်။ ပြိုင်ဘက် ဆိုစီဒက်အသင်းက ယခုပွဲစဉ်  နိုင်ပွဲရရှိခဲ့သည့်အတွက် နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ပြိုင်ပွဲစုံ ၁၀ ပွဲတွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။

ဆိုစီဒက်အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သော အိုယာဇာဘယ်သည် လာလီဂါ ပွဲ ၂၀ တွင် ဂိုးဖန်တီးမှု သုံးကြိမ်နှင့် သွင်းဂိုး ကိုးဂိုး ရှိလာပြီဖြစ်သည်။ လာမည့်ပွဲစဉ်အဖြစ် ဆိုစီဒက်က ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဘီလ်ဘာအိုနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြိုင်ဘက် အယ်ချီက လာလီဂါပြိုင်ပွဲတွင် အိုဆာဆူနာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                         

အောင်ဇော်