အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုများအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုကဏ္ဍ၏ ကြိုတင်စီမံ ဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်   စက်တင်ဘာ ၂၇

 

နိုင်ငံတော်အစိုးရ၏ အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်၍ “ရေကို စနစ်တကျသုံးစွဲရေး ကြပ်မတ်ရန်၊ မြေဩဇာရရှိရေး တွက်ချက်ဆောင်ရွက်ရန်” လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လမ်းညွှန်ချက်အ ပေါ် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုများ အပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုကဏ္ဍ၏ ကြိုတင်စီမံဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေမှု လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှု လျော့ပါးစေရန် ၊ Flash Flood ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ထိခိုက်မှုသက်သာစေရန်အတွက် ဒေသအလိုက် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အယ်လ်နီညို  အားအကောင်းဆုံး ဖြစ်ပေါ်နိုင်သောကာလမှာ နွေရာသီကာလဖြစ်၍ မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မားဆုံးကာလနှင့် တိုက်ဆိုင်နေသဖြင့် မြေပေါ်ရေကန်များ ဆောလျင်စွာ ခမ်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် လျင်မြန်စွာ နိမ့်ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း ဖြစ်ကြောင်း။

 

စိုက်ပျိုးရေများ ကြိုတင်သိုလှောင်ရေး၊ ရေကို အလဟဿမဖြစ်စေဘဲ အလေအလွင့် နည်းနည်းနှင့် အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များရှာဖွေရေး၊ အပူဒဏ်နှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်သည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံကို ပြောင်းလဲစိုက်ပျိုးခြင်း၊ ရာသီဥတု အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်မည့် သီးထပ်ပုံစံများ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံ၏ အနည်းဆုံး ရေလိုအပ်ချက်ကိုသာ ထိထိရောက်ရောက် အသုံးပြုစိုက်ပျိုးခြင်း၊ ဒေသအလိုက် ရေသောက်ဧရိယာများအလိုက် စိုက်ပျိုးရေကို စနစ်တကျသုံးစွဲရန် သင့်တော်ထိရောက်သည့် ရေပေးဝေမှုစနစ်၊ ရေရယူအသုံးပြုမှုစနစ်များကို ရေအသုံးပြုသူတောင်သူများ၊ ရေပေးဝေသူများနှင့် စိုက်ပျိုးရေး ပညာရှင်များအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာ့ဒေသအသီးသီး၌ အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးဆက်များ စတင်သက်ရောက် လျက်ရှိပြီး ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ် နှောင်းပိုင်းတွင် အယ်လ်နီညို၏ အကျိုးသက်ရောက်မှု ပိုမိုသိသာလာမည်ဖြစ်သောကြောင့် အရှေ့တောင် အာရှနိုင်ငံများနှင့် ဒေသအချို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ အပေါ်တွင် အထူးအလေးထား စောင့်ကြည့်လျက်ရှိပြီး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ကြောင်း၊ အယ်နီညိုရာသီဥတု အခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်း တိုတောင်းခြင်း၊ ဆောင်းကာလ အအေးဓာတ်လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်း ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး အယ်နီညို အားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့အပြင် သာမန်ထက်ပို၍ ရှည်ကြာ မည့် နွေကာလကို ဖြတ်သန်းရနိုင်ကြောင်း လက်ရှိကာလတွင် အယ်နီညိုဖြစ်စဉ်အား စောင့်ကြည့်နေရခြင်းဖြစ်၍ အားကောင်းလာပါက အပူချိန်မြင့်တက်မှုကြောင့် သောက်သုံးရေ နှင့် စိုက်ပျိုးရေး ရေရှားပါးခြင်းများကြုံတွေ့နိုင်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ဆည်ရေကဏ္ဍတာဝန်ရှိသူ ဒုတိယဝန်ကြီးများ ဦးဆောင်၍ သီးနှံစိုက်ပျိုးမှုနှင့် သားငါးထုတ်လုပ်မှုများ မလျော့ကျမှု မရှိစေရေး၊ ဆည်ရေလှောင်တမံများ၏ လက်ရှိရေ ခန့်မှန်းဝင်ရေအပေါ် မူတည်၍ စိုက်ပျိုးဧက မလျော့နည်းစေရေး၊ သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် စည်ပင်သာယာရေး အဖွဲ့များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအပါအဝင် ဆက်စပ်ဌာနများ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)