အယုံလွယ်တဲ့ မိန်းကလေးတွေအတွက် အဖြစ်ဆိုးနဲ့ ကြုံနေကြရတာကို အတုယူမမှားစေဖို့ ရည်ရွယ်ထားသည့် သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကား မကြာမီပြသမည်

မန္တလေး ၅ ဇန်နဝါရီ

 

Mandalay Entertainment အနေနဲ့ ပထမဆုံးထုတ်လုပ်တဲ့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁၂ ရက်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

 

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ မင်းမော်ကွန်း၊ အိချောပို၊ ချစ်သမီးတို့က ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအမျိုးအစားမှာ မိဘမေတ္တာ၊ ဒရမ်မာ၊ အက်ရှင်ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။

 

 ဖခင်တစ်ဦးရဲ့မေတ္တာ၊ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျနိုင်ကြောင်း၊ လောကဓံတရားရဲ့ အနိမ့်အမြင့် သဘောတရားများကို သင်ခန်းစာယူမိစေဖို့၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝ မလုံခြုံမှု၊ မြေမြုပ်မှိုင်းတို့ရဲ့ ဆိုးကျိုးတွေကို ကိုယ်ချင်းစာမိစေဖို့၊ မိန်းကလေးတွေ ငွေမက်ပြီး အယုံလွယ်တဲ့အတွက် ဘဝပျက်ခဲ့ရပုံတွေကို အတုယူမမှားစေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

 

‘မြဝတီမှာ ကောင်မလေးတစ်ယောက်ကို အင်တာဗျူးဘူးတယ်။ ဒုက္ခရောက်ခဲ့ဖူးတဲ့ ကောင်မလေး တစ်ယောက်က သူ့ဘဝဖြစ်ခဲ့တဲ့အကြောင်း သူတို့ကို ကာလာသုံးရောင်ပြောတယ်။ မျက်လုံးပေါ်မှာ ကာချယ်အနက်ရောင် မိတ်ကပ်လူးပြီးတာနဲ့ ပါးနီရောင်၊ နုတ်ခမ်းနီရဲရဲရယ်က သူတို့ရဲ့ Method ဖြစ်မယ်။ သူပြောတာကို အရမ်းစိတ်ဝင်စားသွားတယ်။ ဒီသုံးရောင်ကို ဘာကြောင့် ခြယ်ခိုင်းတာလဲဆိုတော့ ညဘက်မှာ သူတို့ရဲ့ဘဝက စရတာဖြစ်တယ်။ ဒီသုံးရောင်တင်ရခြင်း အကြောင်းအရင်းကို သေချာမေးတဲ့အခါ မျက်လုံးအလှပေါ်ဖို့ ကာခြယ်အနက်တင်တယ်။ ပါးရောင်ပေါ်ဖို့ ပါးနီရောင်တင်တယ်။ နုတ်ခမ်းကို ရဲရဲလေးဖြစ်ဖို့ နုတ်ခမ်းနီဆိုးတယ်။ အဲဒါနဲ့ ပရိုဂျူဆာနဲ့တိုင်ပင်ပြီး သုံးရောင်ခြယ်လို့ ပေးဖြစ်တယ်’ လို့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ရှင်းပြပါတယ်။   

 

သည်ဇာတ်ကားကို လာကြည့်စေချင်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) ‘အဓိကပြောချင်တာက ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တစ်နေ့တစ်နေ့ကို မိန်းကလေးတွေ ကျွန်တော်တို့ မမြင်ကွယ်ရာမှာ လူကုန်ကူးခံနေရတာ ရှိပါတယ။ အဲဒါတွေကို ပတ်ဝန်းကျင်က အမှတ်တမဲ့ လျစ်လျူရှုထားမိတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရင်း အနည်းနဲ့အများ တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း လာကြည့်စေချင်ပါတယ်’ လို့ ဆိုပါတယ်။

 

အိမို့မို့ခိုင်