Bard AI တွင် ပရိုဂရမ်းမင်းဘာသာစကား ၂၀ ကျော်ကို နားလည်နိုင်သော လုပ်ဆောင်ချက်သစ် ပေါင်းထည့်

 

 

ဂူဂဲလ်က ထုတ်လုပ်ထားသော ဉာဏ်ရည်တု လုပ်ဆောင်ချက်ဖြစ်သည့် Bard AI တွင် ကွန်ပျူတာပရိုဂရမ်များရေးသည့် ပရိုဂရမ်းမင်း ဘာသာစကားများကိုပါ နားလည်နိုင်၊ အမှားပြင်ဆင်ပေးနိုင်၊ ရှင်းပြပေးနိုင်သော လုပ်ဆောင်ချက်အသစ်ကို ဧပြီ ၂၁ ရက်မှစ၍ ထပ်မံ ပေါင်းထည့်ထားပြီဖြစ်ကြောင်း သိရသည်။

 

Bard AI ၏ အဆိုပါအပ်ဒိတ်သည် C++ ၊ Go၊ Java၊ JavaScript၊ Python၊ Type Script စသည်တို့အပါအဝင် ပရိုဂရမ်ရေးသားသည့် ဘာသာစကား ၂၀ ကျော်ကို နားလည်နိုင်ကြောင်း၊ အသုံးပြုသူများသည် ပရိုဂရမ်များ အတွက် Coding များကို ဘာသာစကား အလိုက်ရေးသားပြီး Bard AI တွင် အမှားရှာခိုင်းခြင်း၊ အမှန်ပြင်ဆင်ခိုင်းခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ Bard AI က ပြန်လည်ပြုပြင်ပေးထားသည့် Coding များကို ထုတ်ယူပြီးနောက် ဂူဂဲလ်၏ Colab တွင် အလွယ်တကူ ပြန်လည် စမ်းသပ်နိုင်မည်ဖြစ်ကြောင်း Bard AI ၏ အပ်ဒိတ်စာမျက်နှာတွင် ဖော်ပြထားသည်။

 

ထို့ပြင် Coding အမှားအယွင်းများ နှင့်ပတ်သက်၍ ပြန်ရှင်းပြခိုင်းခြင်းကိုပါ လုပ်နိုင်မည်ဖြစ်ကြောင်း၊ ရှင်းပြရာတွင် ပရိုဂရမ်ရေးသားခြင်းနှင့် ပတ်သက်၍ အင်ဂျင်နီယာအဆင့်၊ အတွေ့အကြုံရှိသူအဆင့်၊ စတင်လေ့လာသူအဆင့် စသည် ဖြင့် အဆင့်အလိုက် ရှင်းပြပေးနိုင်မည် ဖြစ်၍ ပရိုဂရမ်ရေးသားခြင်းကို လေ့လာ နေသူများအတွက် အသုံးဝင်မည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည် ဖြစ်ကာ အတွေ့အကြုံ ရှိပြီးသူများအနေဖြင့်လည်း Bard AI ကိုသုံး၍ Coding အမှားအယွင်းများ၊ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို အလွယ်တကူ ရှာဖွေပြုပြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နာမည်ကျော် AI ဖြစ်သော ChatGPT ကို ယှဉ်ပြိုင်ရန်အတွက် ဂူဂဲလ်သည် Bard AI ကို မတ် ၂၁ ရက်က စတင် မိတ်ဆက်အသုံးပြုခွင့်ပေးခဲ့ပြီး အဆင့်မြှင့်တင်မှုများပါဝင်သော အပ်ဒိတ်များကို ဧပြီ ၁၀ ရက်နှင့် ဧပြီ ၂၁ ရက်တွင် ပြုလုပ် ခဲ့သည်။ သို့ရာတွင် Bard AI အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး AI ၏အဖြေများဖြင့် မလုံလောက်ပါက Google Search နှင့် ချိတ်ဆက်ပေးနိုင်ခြင်း၊ ဂူဂဲလ် အသုံးပြုနေသူများအနေဖြင့် အကောင့်အသစ်ဖွင့်ရန်မလိုဘဲ သုံးနိုင်ခြင်းစသည့် အားသာချက်နှစ်ခုမှ လွဲ၍ AI ၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာများတွင် ChatGPT ထက် နောက်ကျနေဆဲဖြစ်သည်။

 

 ကိုစိုး