ဘားအံ၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၂ 

ဘားအံ၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဧပြီ ၁၁ ရက် နံနက် ၆ နာရီတွင် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နှိုင်းကြာကျေးရွာရှိ မြင့်ဌေး(ခ) စောဘဒို ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၁၉၃ ပြားကိုလည်းကောင်း၊ အလားတူ ဧပြီ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မြို့သာကုန်းကျေးရွာတွင် နိုင်ဦး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၅ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအုပ်စု၊ လိမ်ပင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၇၀ ကိုလည်းကောင်း၊  ထို့အတူ ဧပြီ ၁၁ ရက် ညနေ ၄ နာရီ ခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)ရှိ လားရှိုး-မန္တလေးသွားကားလမ်းတွင် အောင်မြတ်ဦး(ခ)ကုလား မောင်းနှင်ပြီး မနန်းလှဟန်(ခ)ဝါဝါခိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၂၀၀ ကိုလည်းကောင်း ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်