ဘားအံမြို့ ဇွဲကပင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၊ ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တက္ကသိုလ်/ကောလိပ်၊ သိပ္ပံတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းလိုက်လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ အမြင်ခြင်းဖလှယ်ခြင်းသည် အတွေးအမြင်များကို ပိုမိုကျယ်ပြန့်လာစေပြီး အတွေးအမြင် ကျယ်ပြန့်ခြင်းသည် အောင်မြင်မှုပန်းတိုင်ဆီသို့ ချီတက်ရာတွင် လိုအပ်ချက်တစ်ခုဖြစ်ကာ ယနေ့လူငယ်စကားဝိုင်း ကျင်းပရခြင်းသည်လည်း အထက်ပါကိစ္စရပ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိသည့် လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပြီး အနာဂတ်တွင် အားကိုးအားထားပြုကြရမည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဆောင်ရွက်မည့်ကဏ္ဍများ၊ အထူးအလေးပေးရမည့်လူငယ်များ၊ လူငယ်ရေးရာကော်မတီများမှ ဆောင်ရွက်မည့် လူငယ်ရေးရာမဟာဗျူဟာ၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အားကစား၏ အဓိပ္ပါယ်၊ လူငယ်၏ပင်ကိုယ်သဘာဝ၊ အားကစားအမျိုးအစား၊ နိုင်ငံတကာပြိုင်ပွဲများ၊ နိုင်ငံတော်မှ အားကစားတိုးတက်ရေးဆောင်ရွက်မှု၊ ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်မှု၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဦးခိုင်က ဆယ်ကျော်သက် လူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ မြန်မာနိုင်ငံတွင် လူငယ်များကြား၌ အဖြစ်များသော ကျန်းမာရေးပြဿနာများ၊ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စန်းက ကင်းထောက်ဖွဲ့စည်းပုံနှင့် ဆောင်ရွက်မှုများ၊ အလယ်တန်းအဆင့် Grade-9 ပြီး မြောက်အောင်မြင်သော ကျောင်းသား/ကျောင်းသူများ သင်ယူနိုင်မည့် ပညာရေးအခွင့်အလမ်းတို့ကို အသိပညာပေးဟောပြောသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Moderator အဖြစ် ဆောင်ရွက်ပြီး ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ပညာရေးဒီဂရီကောလိပ်(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)နှင့် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တို့မှ ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူတစ်ဦးစီက လူငယ်နှင့်အားကစား၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်မျိုးချစ် စိတ်ဓာတ်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော တက္ကသိုလ်/ကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် Moderator နှင့် ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)