ဘားအံမြို့အဝင် (မော်လမြိုင်) ဘက်ခြမ်း လမ်းဆုံအဝိုင်း တည်ဆောက်ခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီး

နေပြည်တော် ဇန်နဝါရီ ၁၉

 

ကရင်ပြည်နယ်သည် သဘာဝအခြေခံ လည်ပတ်စရာနေရာများ ပေါများပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ခရီးသွား မြို့တော်ဖြစ်သည့်အတွက် ဘားအံမြို့အား ခမ်းနားထည်ဝါသည့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဘားအံမြို့အဝင် (မော်လမြိုင်) ဘက်ခြမ်း လမ်းဆုံအဝိုင်းကို တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

 

အခု တည်ဆောက်နေတဲ့ လမ်းဆုံအဝိုင်းက ဘားအံမြို့တွင်း လမ်း၊ ဘားအံမြို့ ရှောင်လမ်း၊ သံလွင်တံတားနဲ့ မော်လမြိုင်မြို့ကို သွားတဲ့လမ်းဆုံမှာ ဖြစ်ပါတယ်။ လမ်းဆုံအဝိုင်းက အဝိုင်း အကျယ်ပေ ၁၂၀ နဲ့ ရင်ပြင်အကျယ် ပေ ၈၀ ရှိပါတယ်။ အဝိုင်းအတွင်းမှာ ဆင်ဖြူတော်လေးကောင်နဲ့ ဖားစည်ပါရှိပါတယ်။ ပေ ၈၀ ရှိတဲ့ ဖားစည်ကို အမြင့်ပေ ၁၂ ပေရှိတဲ့ ဆင်ဖြူတော်လေးကောင်နဲ့ ဝန်းရံထားပါတယ်။ ဒါ့ပြင် အဝိုင်းရင်ပြင်ပေါ်တက်ဖို့ပေ ၂၀ အကျယ်ရှိတဲ့ လှေကားလေးခုလည်း ပါဝင်ပါတယ်။ ရင်ပြင်ကို ကြွေပြားအရောင်ခွဲပြီး အလှဆင်ခင်းထားပါတယ်။ Double Arm နှစ်ဖက် လင်းမီးတိုင် ၁၂ တိုင်၊ ဆလိုက် မီးလုံးကြီး ရှစ်လုံး၊ ရောင်စုံမီး ရှစ်လုံးနဲ့ အလှဆင်ထားပါတယ်။ အဝိုင်းပတ်လည်မှာ မြေယာရှုခင်း ပန်းအလှပင်များကို အဆင့်နှစ်ဆင့် စိုက်ပျိုးထားပြီး၊ လှေကားအဝင်မှာ ပန်းအိုး ၂၄ အိုး ထားရှိပါတယ်။ အဝိုင်းပတ်လည်မှာ ငါးပေအကျယ် လူသွားစင်္ကြံလျှောက်လမ်း ပါဝင်ပါတယ်ဟု ပြည်နယ်စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောသည်။

 

ကျပ်သန်း ၂၅၀ အကုန်အကျခံ

အဆိုပါ လမ်းဆုံအဝိုင်းကို ပြည်နယ် အထွေထွေရန်ပုံငွေ ကျပ်သန်း ၂၅၀ အကုန်အကျခံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က စတင်တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်