ဘားအံမြို့၌ ဆီဖြည့်နေစဉ် ဆီဂေါက်နှင့် ပေပါပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရ

နေပြည်တော် ၂၅ မတ် 

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ (၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်ဝင်းအတွင်း ဆီသိုလှောင်ကန်နေရာ၌ မတ် ၂၄ ရက် ညနေ ၄ နာရီက (၉)ရပ်ကွက်နေ သန့်ဇင်ထွန်း (၂၉)နှစ် (ဆိုင်မန်နေဂျာ) ဦးဆောင်၍ YGN 6N/XXXX ဆီဘောက်ဆာတွဲယာဉ်ပေါ်မှ ဓာတ်ဆီပေပါများသို့ ဆီထည့်သည့်ပိုက်ဖြင့် ဆီဖြည့်နေစဉ် ဆီဂေါက်နှင့် ပေပါပွတ်တိုက်မိရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဂိုထောင် ၁ လုံး၊ နေအိမ်အမိုး၊ ဆီသယ်ယာဉ် ၁ စီး၊ ဓာတ်ဆီ ၇၆၀၀ ဂါလန်ခန့် ဆုံးရှုံးခဲ့ပြီး ၁ နာရီ မိနစ် ၄၀ အကြာတွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (၅)ရပ်ကွက်နေ ဦးနောင်နောင် (၄၅)နှစ်ပါ အမျိုးသားနှစ်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် သန့်ဇင်ထွန်းအား ဘားအံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား