ဘားအံမြို့၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့အခမ်းအနားမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများ၏ စကားသံများ

၈ နိုဝင်ဘာ

 

ဦးသန်းနိုင် (ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး)

 

အနယ်နယ်အရပ်ရပ်ရောက်နေကြတဲ့ ဒေသခံတွေက သူတို့ရှာလာတဲ့ ပိုက်ဆံတွေနဲ့ မင်္ဂလာပွဲတွေ ကျင်းပတာ တွေလည်းရှိတယ်။ မိဘတွေကို ဆေးလာကုပေးတာလည်းရှိတာပေါ့။ ဘာပဲပြောပြော ကရင်ပြည်နယ်နေ့ကို တာဝန်ယူတာ ခုဆို သုံးနှစ်ရှိပါပြီ။ စနစ်တကျလေးနဲ့ စည်းကမ်းတကျ လေးနဲ့ဆိုတော့ လူကတစ်နှစ်ထက် တစ်နှစ်ကို ပိုများလာတယ်ခင်ဗျ။ ဒီလိုကျင်းပတဲ့ အခါမှာလည်း ဒုံးပြိုင်ပွဲက အဓိကပေါ့။ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲစတဲ့ပွဲတွေ ထည့်သွင်းကျင်းပသလို စတိတ်ရှိုးတွေ ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က တိုင်းပြည်ရဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပိတ်ကားနဲ့ ပြခဲ့တာပေါ့။ ဒီနှစ်ကတော့ အများမြင်သာတဲ့နေရာမှာ LED ဘုတ်နဲ့ ထည့်သွင်းပြသ ဆောင်ရွက်ထားပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ ပြည်နယ်တစ်ခုအနေနဲ့ အခုလို ကျင်းပခွင့်ရတာ ဂုဏ်ယူပါတယ်။

 

 

ဦးတေဇထွဋ်လှိုင်ထွေး (ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)

ကျွန်တော်တို့အားလုံးက လိုချင်တာ ငြိမ်းချမ်းရေးပါ။ ပြီးရင်တော့ အမျိုးသားရင်ကြား စေ့ရေးပေါ့။ ဒီအမျိုးသား ရင်ကြားစေ့ရေးရော ငြိမ်းချမ်းရေးရော ရလာမယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်။ ဒီလိုတည်ဆောက်တဲ့ နေရာမှာလည်း ကျွန်တော်တို့ရဲ့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ဖို့၊ တက်တက်ကြွကြွနဲ့ အစိုးရအဖွဲ့ကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ပေးဖို့၊ ကူညီထောက်ပံ့ပေးဖို့။ ကရင်ပြည်နယ်မှာ အရေးကြီးဆုံးဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကဏ္ဍတွေ လိုအပ်နေပါတယ်။ နောက်စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာလည်း ဖွံ့ဖြိုးဖို့ လိုအပ်တယ်ပေါ့။ ဒီနေရာမှာလည်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေက တက်တက်ကြွကြွနဲ့ ပါဝင်ကူညီပေးကြပါလို့ ပြောကြားလိုပါတယ်။

 

 

နန်းထက်ထက်လင်(Miss Tourism Global Queen 2018 (Winner)

အခု (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖြစ်ခဲ့တာကတော့ ကျွန်မက ပြီးခဲ့တဲ့လက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ Miss Tourism Global Queen 2018 မှာ Winner ရတယ်။ ပြီးတော့ အခြား Title ဆုလေးဆုရရှိခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဒီနေ့အခမ်းအနားမှာ ဂုဏ်ပြုဆု ပေးအပ်တာဖြစ်ပါတယ်။ အခုလို ဆုတက်ယူရတဲ့အတွက် အလွန်ကို ကျေနပ်မိပါတယ်။ ကရင်ပြည်နယ် အတွက်လည်း ဂုဏ်ပြုရကျိုးနပ်တာပေါ့။ ကိုယ့်ကို ဒီလိုမျိုး သတိတရနဲ့ ဂုဏ်ပြုပေးတဲ့အတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ်။

 

 

မောင်စောဉာဏ်မြတ်စင်(လူရည်ချွန်၊ အထက(၂) ဘားအံ)

ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဒီပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက အထိရောက်ဆုံး ဖြစ်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒီလိုမျိုး နေ့ထူးနေ့မြတ် အခမ်းအနား တွေမှာ ကျွန်တော်တို့လို ထူးချွန်တဲ့ ကျောင်းသားလူငယ်တွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့အတွက် အထူးကို ဝမ်းသာမိပါတယ်ခင်ဗျာ။ ကျွန်တော်ငယ်ငယ်ကတည်းက ဒီပြည်နယ် နေ့ အခမ်းအနားကို နှစ်တိုင်း ရောက်တယ်။ ရောက်တိုင်း ဆုပေးပွဲတွေမှာ အရှေ့က အစ်ကိုတွေ၊ အစ်မတွေ ဆုယူတာကို အားကျခဲ့တယ်။ တစ်နေ့ ကျွန်တော်လည်း ဆုယူနိုင်ခဲ့မယ်လို့ ကြိုးစားခဲ့တယ်။ အခုလည်း ဒီလိုဖြစ်လာတဲ့အတွက် အလွန်ဝမ်းသာ မိပါတယ်။

 

 

မောင်စောသိန်းအေး(အထက(၂) ဘားအံ)

ကျွန်တော်က အထက(၂) ဘားအံကပါ။ အခုလို အခမ်းအနားတက်ရောက်ခွင့်ရတဲ့အတွက် အသိအမြင် ဗဟုသုတတွေ အများကြီးရရှိခဲ့ပါတယ်။ ပြီးတော့ ဒီလိုနေ့ထူးနေ့မြတ်မှာ ထူးချွန်တဲ့ ကျောင်းသားလူငယ်တွေ၊ ကျွန်တော့်သူငယ်ချင်းတွေ ဆုရယူတာတွေ တွေ့မြင်ခဲ့ရတာပေါ့။ အဲဒီလိုတွေ့ရတော့ ကျွန်တော်လည်းသူတို့လို ဖြစ်ချင်တဲ့၊ ဆုတွေရယူချင်တဲ့ စိတ်တွေ ဖြစ်ခဲ့ပါတယ်။ နောက်နှစ်တွေ ကျွန်တော်ကြိုးစားမယ်။ ပြီးတော့ ပြခန်းတွေလည်း ခင်းကျင်းပြသထားတော့ လေ့လာစရာတွေ အများကြီးမို့ ဝမ်းသာပျော်ရွှင်မိ ပါတယ်။ 
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ-ထိန်လင်းအောင်(ပြန်/ဆက်)