ဘားအံမြို့နယ် မုက္ကဒိ(အထက်ပိုင်း)ကျေးရွာ၌ ကုန်ထုတ်လမ်းသစ်ဖွင့်

ဘားအံ ဧပြီ ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဘားအံမြို့နယ် မုက္ကဒိ(အထက်ပိုင်း)ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ကို ယနေ့ ၉ နာရီက ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ကုန်ထုတ်လမ်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြကာ ကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ဘားအံခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ကုန်ထုတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

မုက္ကဒိကျေးရွာ၌ ကုန်ထုတ်လမ်းသည် အရှည် ၁မိုင် ၅ ဒသမ ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ မြေ+ဂဝံ  ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက် ခွင့်ပြုငွေကျပ် ၁၀၇ ဒသမ ၂၂၅သန်းဖြင့် တင်ဒါအောင်မြင်သော  ရတနာပြည့်လျှံကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမအပတ်က စတင်တာဝန်ယူဖောက်လုပ်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သဖြင့်  လယ်ဧက ၁၅၀ ကျော်မှ ထွက်ရှိလာသော ထုတ်ကုန်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့အချိန်မီ တင်ပို့ရောင်းချလျက်ရှိကြောင်း ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

ဘိုဘို(ကျေး/လက်)