ဘားအံမြို့နယ်၌  ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

ဘားအံ   နိုဝင်ဘာလ ၂၄

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်-ကော့သံခါ ကျေးရွာလမ်းပေါ်ရှိ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်နေမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးရန်မျိုးနိုင်နှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ထုံးအိုင်-ကော့သံခါကျေးရွာ ကုန်ထုတ်တံတား  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ထုံးအိုင်-ကော့သံခါကျေးရွာ ကုန်ထုတ်တံတားအား  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၃ ဒသမ ၈၉၇ ကျပ်သန်းဖြင့် အရှည် ၃၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေ၊ ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော  ပြည့်လျှံကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းအားလုံး၏ ၉၃ ရာခိုင်နှုန်း ကျော်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၆၄)အိမ်၊ လူဦးရေ(၇၄၃)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက ၂၀၀ ကျော် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ 

 

စိုးမိုးကျော်