ဘားအံမြို့တွင် ငြိမ်းချမ်းပန်းတိုင် ချစ်သူမြိုင် မဟာအတာသင်္ကြန်ပွဲတော် မဏ္ဍပ်ဖွင့်ပွဲကျင်းပ

ဘားအံ ၁၂ ဧပြီ

 

မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ် ကျင်းပသည့် ချစ်သူမြိုင်မဟာသင်္ကြန်ပွဲတော် ငြိမ်းချမ်းပန်းတိုင်ချစ်သူမြိုင် မဟာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၁ ရက် ညနေ ၅ နာရီခွဲက ဘားအံမြို့ ကော့ကျိုက်-တောပုံကားလမ်းမဘေးရှိ ချစ်သူမြိုင်အပန်းဖြေဥယျာဉ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ ငြိမ်းချမ်းပန်းတိုင်ချစ်သူမြိုင် မဟာအတာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောချစ်သူနှင့် တာဝန်ရှိသူများက ငြိမ်းချမ်းပန်းတိုင်ချစ်သူမြိုင် မဟာအတာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ချစ်သူမြိုင်အပန်းဖြေဥယျာဉ် အတာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲများအပြင်၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲများ၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ထည့်သွင်း၍ ဧပြီလ ၁၇ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တပင်တိုင် အက ၂၇ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ပွဲတော်ကို မည်သူမဆို လာရောက်ပါဝင်ယှဉ်နွဲနိုင်ကြောင်း  သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

mdn