ဘားအံမြို့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးအစီအစဉ်ဖြင့် စာတမ်းဖတ်ခြင်းနှင့် ဆွေးနွေးခြင်းဆောင်ရွက်

ဘားအံ ၂၃ မေ 

 

ကရင်ပြည်နယ် တိုင်းရင်ဆေးဆရာအသင်းနှင့် ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်ပညာပေး (CTME)အစီအစဉ်ဖြင့် ပြည်သူ့ဗဟိုပြုကျန်းမာရေး ဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာရပ်များ ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်စေပြီး ထိရောက်သော မြန်မာ့တိုင်းရင်ဆေး ကုထုံးများနှင့် ဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်ကာ  မီးယပ်လာစဉ်နာကျင်ကိုက်ခဲခြင်းအကြောင်း အသိပညာပေး စာတမ်းဖတ်ခြင်းနှင့် ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ပြုလုပ်ကြောင်း သိရသည်။

 

ရှေ့ဦးစွာ သဘာပတိ တိုင်းရင်းဆေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမြင့်အောင် အဖွင့်အမှာစကား ပြောကြားပြီးနောက် မီးယပ်လာစဉ်နာကျင်ကိုက်ခဲခြင်းစာတမ်းကို မြတီမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးမင်းသူက အမျိုးသမီးတိုင်း မီးယပ်လာစဉ်နာကျင်ကိုက်ခဲခြင်း ခံစားရပါက ကြိုတင်ကာကွယ်နိုင်ရန်၊ မီးယပ်လာစဉ် နာကျင်ကိုက်ခဲခြင်း မဖြစ်ပေါ်စေရန်သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား စာတမ်းဖတ်ကြားသည်။


 
အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ကရင်ပြည်နယ် တိုင်းရင်ဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကရင်ပြည်နယ်တိုင်းရင်းဆေးပညာအသင်း၊ အငြိမ်းစားတိုင်းရင်းဆေးဆရာကြီးများ၊ ဘားအံတိုင်းရင်းဆေးရုံအုပ်ကြီ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးဝန်ထမ်းများ၊ ဘားအံမြို့တိုင်းရင်းဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ဒေသခံတိုင်းရင်းဆေးပညာဝါသနာရှင် ပြည်သူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင် (ပြန်/ဆက်)

 

DSCN9