ဘားအံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်

ဘားအံ   ဇန်နဝါရီ   ၂၅

ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာရေးပန်းတိုင်ကို ဆုံးခန်းတိုင်အောင် လျှောက်လှမ်းပြီး နိုင်ငံတော်အပေါ် ပြန်လည်၍ အလုပ်အကျွေးပြုကြဖို့ လိုအပ်မည်ဖြစ်ပြီး သို့မှသာ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများ ကျေပွန်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တက္ကသိုလ်စာကြည့်တိုက်အတွက် ဗဟုသုတဆိုင်ရာ စာအုပ်များ လှူဒါန်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က “ပညာရှာသည့်အရွယ်တွင် ပညာနှင့်ပတ်သက်၍ ပြည့်စုံမှုရှိအောင် ရှာဖွေဖို့လိုမည်ဖြစ်ကာ ပညာရေးပန်းတိုင်ကို ဆုံးခန်းတိုင်အောင် လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုကြောင်း၊ ယနေ့ကြိုးစားလျှင် မနက်ဖန် အောင်မြင်မှုကို မြင်ရမည်ဖြစ်ကြောင်း၊ စာများများ ဖတ်ဖို့လိုပြီး စာဖတ်ခြင်းမှ ရရှိလာသည့် အသိတရားကို လက်တွေ့ဘဝနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း၊ သို့မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ထိုက်တန်သည့် နေရာတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်သည့်သူများ ဖြစ်ကြပါစေကြောင်း” အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ပထမပညာသင်ကာလမှ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ပထမနှစ်နှင့် ဒုတိယနှစ် မဟာတန်း တို့တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၄၇ ဦးအတွက် ‌ထောက်ပံ့ငွေ ကျပ် ၉၄၀၀၀၀ ကို ပေးအပ်ရာ ကျောင်းသူတစ်ဦးက လက်ခံရယူပြီး ဘားအံတက္ကသိုလ် စာကြည့်တိုက်အတွက် ဗဟုသုတဆိုင်ရာစာအုပ်များကို ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က လက်ခံရယူသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ပါမောက္ခချုပ်ထံ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြက္ခဒိန်များအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသူတစ်ဦးတို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ရှိ စာသင်ဆောင်များ၊ ဘာသာရပ်ဆိုင်ရာ ဌာနများ၊ သင်ထောက်ကူပြု ခန်းမများနှင့် ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)