ဘာလာလာ ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ ၁၉ တွင် ရုံတင်ပြသမည်

ရန်ကုန် စက်တင်ဘာ ၁၇

 

စက်တင်ဘာ ၁၉ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည့် ဘာလာလာ ရုပ်ရှင် ဇာတ်ကားကို ယမန်နေ့ညက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် Red Carpet Show အထူးပွဲပြသရာ ရုပ်ရှင်အသိုင်းအဝိုင်းမှ အနုပညာရှင်များ၊ သရုပ်ဆောင်များ၏ we love fan အဖွဲ့များ တက်ရောက် အားပေးကြသည်။

 

ဘာလာလာရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း မိုးနီလွင် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ကျော်ကျော် ဗိုလ်၊ ရဲလေး၊ အကယ်ဒမီ သက်မွန်မြင့်၊ ဟန်နီ၊ ဇော်ဇော်အောင်၊ Kညီ၊ ဖူးပွင့်သခင်၊ ရွှေဖြူအဖွဲ့နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားပြီး တော်ဝင်မင်း သား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

 

၈

 

 “ဒီကားက ရသစုံပါပဲ၊ ပရိသတ်တွေ အတွက်တော့ စိတ်ပင်ပန်းတဲ့အချိန်လေးမှာ ဒီလိုဇာတ်ကားကိုကြည့်ပြီး စိတ်အပန်းဖြေနိုင်ပါတယ်၊ ဘာလာလာဆိုတဲ့အတိုင်း ဘယ်လိုပဲဖြစ်ဖြစ် ဘာလာလာဒေါင်းတယ် ဆိုတဲ့သဘောပါ” ဟု တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေး၏ စီစဉ်ထုတ်လုပ်သူ ကိုမင်းလဲ့ဝင်း(ရန်ကုန်စက်မှုတက္ကသိုလ်) ကပြောသည်။ 

 

“ဒီကားလေးကို ကြည့်မိရင် နှစ်နာရီအတွင်းမှာ ဘဝအမောတွေ ပြေသွားမှာပါ၊ ဦးဇော် ကိုယ်တိုင်ကလည်း ဟာသတွေနဲ့၊ ကိုရဲလေးတို့ ကိုမြင့်မြတ် တို့ကလည်း ဟာသဉာဏ်ရှိတော့ ကိုယ်ကိုယ်တိုင် ရိုက်နေချိန်မှာတောင် သဘောကျမိပါတယ်၊ ကြည့်တဲ့ ပရိသတ်တွေလည်း ရယ်မောပျော်ရွှင်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ရုံတင်တဲ့ အခါ သက်မွန်ချစ်တဲ့ ပရိသတ်တွေလည်း လာပြီးအားပေးပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု အကယ်ဒမီ သက်မွန်မြင့် ကပြောသည်။ 

 

“သူငယ်ချင်းတွေ အခုလိုပြန်စုံပြီး အနုပညာအလုပ်တွေ လုပ်ခွင့်ရတော့ ပျော်ပါ တယ်၊ ပီတိဖြစ်ရပါတယ်၊ တွဲခေါ်ပါတယ်၊ ကျွန်တော်တို့လို သရုပ်ဆောင် အသစ်တွေ အတွက် အတွေ့အကြုံ သစ်တွေရပါတယ်၊ အဲဒီကားရိုက်တုန်းကလည်း သက်မွန် တစ်ချိန်လုံး ရယ်နေတာ၊ သက်မွန်ရယ်တာရပ်မှပဲ ရုပ်ရှင်ဆက်ရိုက်ရတယ်” ဟု သရုပ်ဆောင် ရဲလေးက ပြောသည်။ 

 

သန့်ဇင်ဝင်း