ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး

 

သူတစ်ပါး၏အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်ခြင်း၊ လုယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သုံးစွဲခြင်း စသည်တို့သည် တရား ဥပဒေကိုချိုးဖောက်သည့် ဒုစရိုက်အမှုများဖြစ်သည်။ ဤဒုစရိုက်မှုများသည် နိုင်ငံငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်စီး စေသည်။

 

ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး၌ ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးရေး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲ သာယာဝပြောရေးတို့ကို အလိုရှိကြကုန်သော ပြည်သူအပေါင်းတို့သည် မင်းမဲ့စရိုက်ဖြစ်သည့်ဒုစရိုက်မှုများကို ရှောင်ရှားတားဆီးကာကွယ်ကြရမည်ဖြစ်သည်။ ဒုစရိုက်မှုများကို တားဆီးရာ၌ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍမှသာမက ပြည်သူပြည်သား တစ်ဦးချင်းစီအနေဖြင့် ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုစသည်တို့ကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ခြင်းဖြင့် တစ်နည်းအားဖြင့် ပါဝင်နိုင်သည်။

 

ယနေ့လူငယ်လူရွယ်များတွင် စာပေ၊ ယဉ်ကျေးမှုတို့ကို အထိုက်အလျောက် သိကြသော်လည်း မိရိုးဖလာဗုဒ္ဓဘာသာနှင့် မင်္ဂလာတရားများအကြောင်းနှင့် ယင်းတို့ကို လိုက်နာကျင့်သုံးရခြင်းအကြောင်းအား မသိကြသူများ များလာနေပေ သည်။ ဘာသာတရားကို လိုက်နာကျင့်သုံးရကောင်းမှန်းမသိသောအခါ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပျက်ပြားလာပေသည်။ စာရိတ္တဟူသော ကိုယ်ကျင့်တရားသည် လူတစ်ဦးစီ၏ အသက်သွေးခဲဖြစ်သည်။ စာရိတ္တကောင်းသူသည် လူကောင်းဖြစ်၍ နိုင်ငံတော်က အားထားရမည့်သူဖြစ်ပေသည်။ စာရိတ္တယိုယွင်းနေသူသည် လူဆိုး လူသွမ်းဖြစ်၍ အများပြည်သူအား အနှောင့်အယှက်ပေးနိုင်သူ၊ နိုင်ငံတော်ကို အန္တရာယ်ပြုနိုင်သူဖြစ်သည်။

 

လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ရာ၌ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးနှင့် အရေးအကြီးဆုံးမဏ္ဍိုင်ဖြစ်သည်။ ဗလငါးတန်ကို လက်ချောင်းငါးချောင်းဖြင့် ပမာပြုပါက စာရိတ္တဗလသည် အမြင့်ဆုံး လက်ခလယ်နှင့်တူပေသည်။ စာရိတ္တ မဏ္ဍိုင်ကြံ့ခိုင်ပါမှ အခြားသော ဗလစွမ်းအားတို့ကို အကျိုးပြုနိုင်မည်ဖြစ်သည်။ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေပါလျှင် ကျန်ဗလငါးတန်တို့၏ခွန်အားသည် မကောင်းမှု အဖျက်လုပ်ငန်းများဆီသို့ ဦးတည်သွားကြပေလိမ့်မည်။ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင် ပါမှ အခြားဗလစွမ်းအားတို့သည် နိုင်ငံတော်ကို အကျိုးပြုနိုင်ကြပေမည်။

 

မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနှင့် ထေရဝါဒဗုဒ္ဓဘာသာသည် ပြည်ထောင်ဖက်ဖြစ်သည်။ ခွဲခြား၍မရပေ။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဘာသာရေးအခြေခံယဉ်ကျေးမှုသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အသိဉာဏ်လည်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓ ဘာသာကိုအခြေခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စရိုက်လက္ခဏာများကို တည်ဆောက်ထားခြင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ကျေးဇူးကြောင့် စာရိတ္တမဏ္ဍိုင် ခိုင်မြဲလာသည့်အပြင် စာပေနှင့် ယဉ်ကျေးမှု တိုးတက်မြင့်မားလာပြီး မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားများသည် ကမ္ဘာ့အလယ်တွင် တင့်တင့် တယ်တယ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

 

မြန်မာလူမျိုးတို့ အသိဉာဏ်ဖွံ့ဖြိုး ပညာတိုးတက်စေသည့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဘာသာအခြေခံ ယဉ်ကျေးမှုအစဉ်အလာများ ပျောက်ကွယ်ခဲ့သည်ရှိသော် မြန်မာလူမျိုးတို့ အသိဉာဏ် ဆင်ခြင်တုံတရားနိမ့်ကျကာ ကိုယ်ပိုင်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို သိရှိနားလည်နိုင်စွမ်းမရှိဖြစ်လာပါလိမ့်မည်။ မိမိစာပေကိုမှ မတတ်မြောက်လျှင် ဘာသာမျိုးခြားစာပေများကို မိမိလူမျိုး၊ မိမိနိုင်ငံအတွက် အသုံးချနိုင်လောက်အောင် အစွမ်းများလည်း မရှိနိုင်ပါ။ ထိုကဲ့သို့ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ အသိပညာပြိုကွဲ၍ အသိဉာဏ်နည်းပါးလာသောအခါ အမိမြေ၊ အမိရေ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်ပါးလျားပြီး ဒုစရိုက်မှုများ ပေါများလာကာ တိုင်းပြည်ပြိုကွဲ၍ တိုင်းတစ်ပါး၏ ကျွန်ပြုခြင်းခံရနိုင်ပါသည်။ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုပြိုကွဲပြီး နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာမည့် အန္တရာယ်များကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံနှင့် လူမျိုး၏အသက်ဖြစ်သည့် ဘာသာသာသနာထွန်းကားရေးနှင့် အခြေခံယဉ်ကျေးမှုအားကောင်းနေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

 

ယနေ့လူငယ်များသည် အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင် ကြရမည့်သူများဖြစ်၍ အရေးကြီးသည့် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်နေရမည်ဖြစ်သည်။ နိုင်ငံတော်က မျှော်လင့်နေသော နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်မြောက်လာရေးအတွက် ကျောင်းသား ကျောင်းသူကလေးအရွယ်မှစတင်ကာ အသိပညာ၊ အတတ်ပညာများကို ဆည်းပူးရင်း စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများ လျော့ပါးအားနည်းလာပါက တိုင်းပြည်နှင့်လူမျိုးကို ပျက်စီးစေလိုသည့် စိတ်ရိုင်းမကောင်းမှုများ ကြီးထွားလာနိုင်သဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသော အခြေခံခိုင်မာသည့် နိုင်ငံ့သားကောင်း၊ သမီး ကောင်းများဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ