ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲကျင်းပ

နေပြည်တော် ၂၇ ဇူလိုင်
    

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သင်္ကန်းကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်္ကန်းကျွန်းမြို့နယ် (၃၈) ရပ်ကွက်မှ  ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 
    

အခမ်းအနားတွင် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးသောင်းထိုက်ထံမှ ပေးပို့သော သဝဏ်လွှာကို(ဗဟို)အမှုဆောင် ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ဝင် ဦးစိုးဝင်းက ဖတ်ကြားပြီး၊ ဗုဒ္ဓဘာသာနှင့် ငြိမ်းချမ်းရေးအကြောင်းကိုလည်းကောင်း၊ ဗဟိုအထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ အေးမင်းက ဗဟိုအဖွဲ့၏လုပ်ငန်းများနှင့် ခရစ်ယာန်ဘာသာနှင့် မေတ္တာတရားအကြောင်း၊ ဗဟို ဒု-ဥက္ကဋ္ဌ ဦးညွှန့်မောင်ရှိန်က အစ္စလာမ်ဘာသာနှင့် ငြိမ်းချမ်းခြင်းတန်ဖိုး၊ ဗဟိုအတွင်းရေးမှူး၊ အဖွဲ့ဝင် ဦးအောင်နိုင်က ဟိန္ဒူဘာသာနှင့် ငြိမ်းချမ်းရေးစကားကို ဆွေးနွေးပြောကြားကြသည်။
    

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဝေက မိတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားသည်။
    

ယခု ကျင်းပသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် မြို့နယ်၊ ရပ်ကွက်အဆင့် တွေ့ဆုံပွဲမှာ ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်