ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်းအတွက် ဘွဲ့အမျိုးအစား (၅)မျိုး ထပ်မံလျှောက်ထားနိုင်

နေပြည်တော် ၂၅ ဇန်နဝါရီ

 

နိုင်ငံတော်ပိုင် သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတို့တွင် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိလည်းကောင်း၊ မြဝတီ သတင်းစာနှင့် ရတနာပုံ သတင်းစာတို့တွင် လည်းကောင်း ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအတွက် ဘွဲ့အမျိုးအစား (၅)မျိုးကို ထပ်မံခေါ်ယူထားကြောင်း သိရှိရသည်။

 

ယခင်က ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်းအတွက် ဝိဇ္ဇာဘွဲ့(မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ စာကြည့်တိုက်နှင့် သုတပညာ)၊ ဝိဇ္ဇာဘွဲ့ (နိုင်ငံခြားဘာသာ)(တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ)၊ သိပ္ပံဘွဲ့(ရုက္ခဗေဒ၊ ဇီဝနည်းပညာ၊ ကုန်ထုတ်ဓာတုဗေဒ)၊ စိုက်ပျိုးရေးသိပ္ပံပညာဘွဲ့၊ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ နည်းပညာဆိုင်ရာဘွဲ့များ (သတင်း အချက်အလက် သိပ္ပံနှင့် နည်းပညာ၊ ချည်မျှင်နှင့်အထည်)၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ စသည့် ဘွဲ့အမျိုးအစား ၁၆ မျိုး ပေးအပ်ခဲ့ပြီး ယခုထပ်မံ၍ ဝိဇ္ဇာဘွဲ့နှစ်မျိုးနှင့် သိပ္ပံဘွဲ့ သုံးမျိုးအား ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်းအတွက် ထပ်မံခေါ်ယူမည့် ဝိဇ္ဇာဘွဲ့(ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့(သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ)တို့ကို လျှောက်ထားလိုပါက လျှောက်လွှာများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးမှ သိရှိရသည်။

 

MDN