ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကျင်းပမည်

ရန်ကုန်   မေ   ၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၊ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)နှင့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)တို့အတွက် လူရွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်)အတွက် လူရွေးပွဲများကို မေ ၅၊ ၆၊ ၇ ရက်တွင် ကျောက်တိုင် အားကစားကွင်း၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် လူရွေးပွဲများကို မေ ၈၊ ၉၊ ၁၀ ရက်တွင် သုဝဏ္ဏကွင်း၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အတွက် လူရွေးပွဲများကို မေ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွင် အကယ်ဒမီလေ့ကျင့်ရေးကွင်းတို့၌ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းလူရွေးပွဲတွင် သက်တမ်းလေးခုအတွက် ရွေးချယ်မည်ဖြစ်ပြီး အသက် (၁၁/၁၂) နှစ်အောက် (၂၀၁၀၊ ၂၀၁၁ ခုနှစ်ဖွား)၊ အသက် (၁၃) နှစ်အောက် (၂၀၀၉ ခုနှစ်ဖွား)၊ အသက် ၁၄ နှစ်အောက် (၂၀၀၈ ခုနှစ်ဖွား)၊ အသက် ၁၅ နှစ်အောက် (၂၀၀၇ ခုနှစ်ဖွား) တို့ ရွေးချယ်မည်ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရွေးချယ်ခြင်းဖြစ်ပြီး ရွေးချယ်ခံမည့် ကျောင်းသားသစ်များသည် လက်ရှိ အတန်းပညာသင်ကြားနေသူ၊ အနိမ့်ဆုံးမြို့နယ် ကျောင်းသားပြိုင်ပွဲများတွင် ပါဝင်ကစားဖူးသူနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များမှ ထူးချွန်သည့်လူငယ်များဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ လာရောက်ရွေးချယ်ခံရာတွင် အုပ်ထိန်းသူ မိဘတစ်ဦးသာ လိုက်ပါလာရမည်ဖြစ်ကာ စားသောက်ရေး၊ နေထိုင်ရေးနှင့် ခရီးစရိတ်တို့ကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကျောင်းသားများသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ စီစဉ်ပေးမှုဖြင့် ဘောလုံးပညာနှင့် အတန်းပညာတို့ကို အကယ်ဒမီကျောင်းတွင် ကျောင်းအိပ် ကျောင်းစားဖြင့် သင်ယူရမည်ဖြစ်ပြီး လစဉ်ထောက်ပံ့ကြေးအပါအဝင် အခြားသော သင်ကြားရေးနှင့် သက်ဆိုင်သည့် ထောက်ပံ့မှုများကိုလည်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လာရောက်ရွေးချယ်ခံရမည့် ကျောင်းသားသစ်များကို နံပါတ် (၁) ဘောလုံးတော့ခြင်း၊ ဘောလုံး ပေးပို့ခြင်း၊ ဘောလုံးထိန်းသိမ်းခြင်း၊ ဘောလုံးလိမ်ခေါက်ဆွဲပြေးခြင်း၊ ဘောလုံးဆွဲပြေးခြင်း၊ ဘောလုံး ကန်သွင်းခြင်း၊ နံပါတ် (၂) တစ်သင်း ခုနစ်ဦး၊ ရှစ်ဦး၊ ၁၁ ဦးစီပါဝင်မည့် ကွင်းငယ် ပွဲစဉ်ကစားခြင်း၊ နံပါတ်(၃) ကာယကြံ့ခိုင်မှု စိစစ်ခြင်းနှင့် နံပါတ်(၄) ဘောလုံးနှင့်သက်ဆိုင်သည့် ဗဟုသုတစစ်ဆေးခြင်း များ ပြုလုပ်သွားမည်ဖြစ်သည်။

ကိုညီလေး၊ ဓာတ်ပုံ - MFF