ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

၄  အောက်တိုဘာ

 

ဘောလုံးပွဲကြည့်တာကနေရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုး၊ ဆိုးကျိုးများ

 

နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေ အများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊ စမတ်ခ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်း ဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။

 

အားကစားပွဲတွေကို ကြည့်ရှုအားပေးတာက ကျွန်တော်တို့ကို နေ့စဉ်တွေ့ကြုံနေရတဲ့ ဘဝအခြေအနေ တွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ပါ။

 

ဘောလုံးပွဲတွေကြည့်ရှု့မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

 

 ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်။

 

အားကစားသမားတွေက ရယ်ရင်းမောရင်းပြေးရင်းလွှားရင်း ယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ အတွေးမျိုးရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကို ရရှိခံစားရမှာဖြစ်ပါတယ်။

 

အားကစားပွဲတွေအားပေးတာက လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်။

 

လေ့လာမှုတစ်ရပ်အရ  အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေ ပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ ခုန်ပေါက်လိုက်၊ အော်ဟစ်အားပေးလိုက်၊ လက်တွေဝှေ့ရမ်းပြီး အားပေးလိုက်လုပ်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

 

အသက်ပိုရှည်စေတယ်။

 

ဘောလုံးပွဲကို ကွင်းထဲသွားကြည့်ရတာမကြိုက်ဘဲ ဖန်သားပြင်ကနေပဲ ကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူ ချိန်းပြီးကြည့်တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိ တိုးလာမှာဖြစ်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ Brigham Young တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာ ပါရှိပါတယ်။

 

စုံတွဲတွေကြားကဆက်ဆံရေးကိုကောင်းမွန်စေတယ်။

 

သင့်ရဲ့ ချစ်သူက အားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်ကအားကစား ဝါသနာမပါရင်တောင် သူကြိုက်တဲ့ အသင်းကို သူနဲ့အတူကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့ အားကစားပွဲတွေအကြောင်း နားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကို စိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့ အသင်းအနိုင်ရတဲ့အခါ တက်စတိုစတုန်းဟော်မုန်းထုတ်လုပ်မှုတွေ ဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားက ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကိုလိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေးကောင်းစေဖို့ အပြန်အလှန်အထောက်အကူပြု စေနိုင်သလို အသက်လည်း ပိုရှည်စေပါတယ်။

 

ဦးနှောက်အတွက် အကျိုးပြုတယ်။

 

အားကစားပွဲတွေကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကို တိုးတက်စေနိုင်သလို စနစ်တကျနေထိုင် တတ်အောင်လည်း အထောက်အကူပြုပါတယ်။ အားကစားပွဲတေွ ကြည့်ရှု့တာက ဦးနှောက်အတွက် လေ့ကျင့်ခန်း တစ်ရပ်ဖြစ်ပါတယ်လို့ ၂၀ဝ၈ ခုနှစ်ကချီကာဂိုတက္ကသိုလ်က သုတေသီတွေပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။

 

ဘောလုံးပွဲကြည့်တာကြောင့် ဘာဆိုးကျိုးတွေဖြစ်နိုင်မလဲ

အချိန်ကြာမြင့်စွာထိုင်မိနိုင်တယ်။

 

ဘောလုံးပွဲတွေကြည့်တဲ့အခါ အချိန်ကြာမြင့်စွာ အလှုပ်အရှားမရှိထိုင်ပြီးအားပေးမိမယ်ဆိုရင်တော့ မတ်တတ်ထရပ်လိုက်တဲ့အခါ မိုက်ခနဲဖြစ်သွားတာမျိုးနဲ့ နောက်ကျောနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

 

စိတ်ဖိစီးတယ်။

 

မိမိအားပေးတဲ့အသင်း အနိုင်ရစေလိုတဲ့စိတ်ကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကိုခံစားရပြီး အဆိုပါစိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ ရုတ်တရက် နှလုံးရပ်သွားတာ၊ လေဖြတ်တာနဲ့အခြား ကျန်းမာရေးပြဿနာတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

 

စိတ်ဓာတ်ကျတယ်။

 

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊ အသင်းပြောင်းသွားတာမျိုးတ ွေတွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။

 

အမှားအယွင်းတွေ နဲ့မတော်တဆဖြစ်ရပ်တွေ ဖြစ်ပေါ်စေနိုင်တယ်။

 

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊ အသင်းပြောင်း သွားတာမျိုးတွေတွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကို ခံစားရတဲ့အခါ ကားမောင်းနေစဉ် အခြားကားတွေကိုမရှောင်မိတာ၊ ကားတွေကိုမကြည့်ဘဲ သတိလက်လွတ်လမ်းဖြတ်ကူးမိတာ၊ ဆေးသောက်ဖို့မေ့သွားတာ၊ ကလေးကျောင်းကြိုဖို့မေ့သွားတာလိုမျိုး အရေးကြီးတဲ့အရာတွေကို မေ့လျော့သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

 

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးမိနိုင်တယ်။

 

ဘောလုံးပွဲကြည့်ရင်း ဆားတွေ၊သကြားတွေ၊ ကယ်လိုရီတွေ၊ တာရှည်ခံဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ အများအပြားပါဝင်နေတဲ့ အာလူးကြော်တွေ၊ ဆီကြော်မုန့်တွေနဲ့ဘီယာတွေကို သတိမထားမိဘဲ အများကြီးသောက်သုံး မိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲထဲ အာရုံရောက်နေတာကြောင့် အစားအစာတွေ ဘယ်လောက်တောင် စားမိလဲဆိုတာကို သတိမထားမိဘဲဖြစ်နိုင်ပါတယ်။

 

ဘောလုံးပွဲကြည့်တာကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

 

ဘေးပတ်ဝန်းကျင်ကိုအရေးစိုက်ပါ

 

ဘောလုံးပွဲကြည့်တာအခါ ဘောလုံးပွဲက ကစားပွဲတစ်ခုသာဖြစ်ပြီးမိမိဘဝအပေါ် အကျိုးသက်ရောက်မှု အနည်းအကျဉ်းပဲ ရှိတယ်ဆိုတာကို သတိပြုပါ။ မိမိရဲ့လက်တွေ့ဘဝမှာပါဝင်နေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေ၊အရာတွေကို အရေးစိုက်ပေးပါ။

 

ဘောလုံးပွဲကို တစ်ယောက်တည်းမကြည့်ပါနဲ့

 

ဘောလုံးပွဲကြည့်တာအခါ တစ်ယောက်တည်းကြည့်တာက စိတ်ဖိစီးမှုပိုများစေနိုင်တာကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတ ူကြည့်ပါ။ သူတို့ရဲ့ပြောဆိုအားပေးမှုမှာ ကိုယ်ပါစီးမျောရင်း စိတ်ဖိစီးမှုလျော့နည်းသွားပါတယ်။

 

ဘောလုံးပွဲမကြည့်ခင် ကျန်းမာအောင်လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ။

 

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာက ဘောလုံးပွဲကြည့်နေတုန်းမှာ အစားတွေအများကြီးမစားမိအောင် ကာကွယ်ပေးပါလိမ့်မယ်။

 

အနားပေးပါ

 

ဘောလုံးပွဲကြည့်ရင်း မတ်တတ်ထရပ်ပါ။ လမ်းထလျှောက်ပါ၊ အပေါ့အပါးထသွားပေးပါ။

 

ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ပါ

 

ဘောလုံးပွဲကြည့်နေတာအခါ အေးပြီးစိုစွတ်တဲ့ အနေအထားမျိုးဆိုရင် အပေါ်ထပ်အနွေးထည်လေး ဝတ်တာမျိုး၊ နွေးထွေးအောင်နေတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။

 

အနီးဝန်းကျင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲ ရှိပါစေ။

 

ဘောလုံးပွဲကြည့်ရင်း အစားအသောက်တွေ စားတတ်တယ်ဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ဓာတ်များများပါတဲ့ အရာတွေကိုပဲ မိမိအနီးဝန်းကျင်မှာ ထားရှိပေးပါ။

 

အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကိုဖတ်ရှုပြီး အားကစားဝါသနာရှင် ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ အသင်းကို ကျန်းမာရေးနဲ့ညီညွတ်စွာ အားပေးနိုင်ပါစေကြောင်း။

 

 

ရေးသားသူ - Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”