ဘောလုံးပွဲတွင် ရမ်းကားသူ ၁၃ ဦးကို မော်ရိုကို ရဲတပ်ဖွဲ့ဖမ်းဆီး

၁၇ ဇန်နဝါရီ

 

မော်ရိုကိုနိုင်ငံ တန်ဂေးယားမြို့မြောက်ပိုင်း Ittihad Tangiers နှင့် Rajae Casablanca ကလပ်အသင်း တို့ကစားသည့် ဘောလုံးပွဲအပြီးတွင် လူရမ်းကား ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း မော်ရိုကို ရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဘောလုံးပွဲပြီးနောက်  ထိုကလပ်နှစ်သင်း ၏ ဘောလုံးပွဲအားပေးသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

 

အများပြည်သူပိုင်ဆိုင်သောပစ္စည်းများကို ဖျက်ဆီးခြင်း၊ ကျောက်ခဲ ပစ်ပေါက်ခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုတွင် ပါဝင်သည်ဟူသော သံသယဖြင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

၎င်းတို့ကို တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

အစိုးရအဖွဲ့အစည်းအဝေးက မော်ရိုကို နိုင်ငံတွင် ရမ်းကားမှု များပြားလာခြင်းကို ကိုင်တွယ်သည့် စီမံချက်များ အခိုင်အမာလုပ်ဆောင်ရန် စက်တင်ဘာလ ၂၅ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို