ဘေးအန္တရာယ်အမျိုးမျိုးတို့ကို ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှား

မေ ၁၆

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ယမန်နေ့ ညနေပိုင်းက စတင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယနေ့ မေလ ၁၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်သည်။ အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင် အနောက်မြောက်ဘက် (အိန္ဒိယ) သို့ ရွေ့လျားပြီး မေလ ၁၇ ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက် (ဘင်္ဂလားဒေ့ရှ်-မြန်မာ) သို့ ရွေ့လျားနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

 

အဆိုပါမုန်တိုင်းငယ်သည် မေလ ၁၇ ရက်နေ့မှ ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး အင်အားပြင်းထန်သည့် အဆင့်ရှိသည်ဟု နိုင်ငံတကာ မိုးလေဝသဌာနများက ခန့်မှန်းကြသည်။ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာချိန်တွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်း မရှိသော်လည်း မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကို အထူးသတိပြုရမည် ဖြစ်သည်။ ။

 

မုန်တိုင်းသည် မေလ ၁၇ ရက်နေ့နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့လာပါက မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများဆီသို့ ဦးတည်လာနိုင်သည့် အလားအလာများကို နိုင်ငံတကာ မိုးလေဝသ သတင်းစာမျက်နှာများတွင် တွေ့ရသည်။ လတ်တလော လေ့လာဆန်းစစ်ချက်များအရ မုန်တိုင်းမှာ ခန့်မှန်းသည့် အတိုင်းဖြစ်ပေါ်နိုင်ပြီး မေလ ၁၇ ရက်နေ့တွင် မြောက် - အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့မည်ဆိုပါက မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံခန့်မှန်းဦးတည်သည့် ဒေသများသို့ ရောက်ရှိနိုင်သည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ ခန့်မှန်းတစ်နာရီလျှင် မိုင် ၁၀၀ နှုန်းခန့်ရှိသဖြင့် အထူးသတိထားရမည်ဖြစ်သည်။

 

မိုးရေချိန်မှာ အမြင့်ဆုံး သုံးလက်မမှ ခုနစ်လက်မအထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်များနှင့် မြန်မာ့ကမ်းရိုးတန်း ဒေသအချို့တွင် မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်းတို့နှင့် ကြုံတွေ့နိုင်သဖြင့် အထူးသတိပြုရမည် ဖြစ်သည်။ မုန်တိုင်း ဒီရေတက်ချိန်တွင် အင်အားပြင်းထန်သော လေတိုက်နှုန်းရှိပါက ရေကြီး ရေလျှံ လေပြင်းဒဏ်ကို အထူးသတိပြုရမည် ဖြစ်သည်။ ဖြစ်ပေါ်နေသော မုန်တိုင်းလမ်းကြောင်း ခန့်မှန်းချက်သည် အချိန်နှင့်အမျှ အပြောင်းအလဲ ဖြစ်ပေါ်နိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသော မိုးလေဝသသတင်းများကို ဂရုပြုနားထောင်ရန် လိုအပ်သည်။

 

မြန်မာနိုင်ငံတွင် ဘင်္ဂလားပင်လယ်အော်မှ ဖြစ်ပေါ်လာသော မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး နေ့စဉ်မုန်တိုင်းခန့်မှန်းချက်များအတိုင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း လှုပ်ရှားဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ သဘာဝဘေးမုန်တိုင်း အန္တရာယ် ကာကွယ်ရေးကိုလည်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

အထူးသဖြင့် မုန်တိုင်းသက်ရောက်နိုင်သည့် လမ်းကြောင်းများရှိ မြို့ရွာများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းသည့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရန် အသင့်ပြင်ဆင်ထားသင့်သည်။ မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုလှုံ နေထိုင်ရေးတို့ကို ပြုလုပ်ရမည် ဖြစ်သည်။ သို့ရာတွင် ယခုကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသဖြင့် တတ်နိုင်ပါက မိမိတို့နေအိမ်တွင်သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်၊ အဆောက်အဦများကို ခိုင်ခံ့အောင် ကြိုတင်ပြင်ဆင်ထားသင့်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအနေဖြင့် ရောဂါဘေးများ၊ သဘာဝဘေးများ စသည့် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ဒုက္ခအခက်အခဲ မျိုးစုံတို့ကို ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ထပ်မံ ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်များ၊ အခက်အခဲများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းလက်တွဲ၍ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကာ မလျှော့သော ဇွဲလုံ့လဖြင့် ရည်မှန်းရာပန်းတိုင်များသို့ ဆက်လက်တက်လှမ်းနိုင်ကြမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ