နေပြည်တော် ဒီဇင်ဘာ ၄
ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များ ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြေပုံရေးဆွဲ နိုင်ရေးနည်းပညာပိုင်းဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုမိုးရာသီကာလအတွင်း တိုင်ဖွန်းရာဂီနှင့် အနောက်တောင်မုတ်သုံလေ အားကောင်းခြင်းတို့၏ သက်ရောက်မှုများကြောင့် မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီး ဒေသအချို့၌ ရေကြီးရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများမှ နောင်တွင်လျော့ပါးသက်သာစေရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ထိရောက်သည့် ကြိုတင်ပြင်ဆင်နိုင်မှုများ ဆောင် ရွက်စေနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် သဘာဝဘေးကြောင့် ထိခိုက်မှုများနှင့်ပတ်သက်၍ Damage Assessment များ ဆောင်ရွက်ကာ ဒေသအလိုက် ဖြစ်လာနိုင်ခြေရှိသည့် သဘာဝဘေးများကို ဖော်ထုတ်နိုင်ရေးအတွက် Risk Map နှင့် Hazard Map များ ရေးဆွဲပြုစုခြင်းကို ဆောင်ရွက်နိုင်ရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ Hazard Mapping ဆောင်ရွက်နိုင်စေရေး လိုအပ်ချက်များ ဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ဌာနအလိုက် ရှိပြီးဖြစ်သည့် အချက်အလက်များကို အသုံးပြု၍ Hazard Map များ ရေးဆွဲနိုင်ရေး ပံ့ပိုးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခင်ကတည်းက ဒေသအလိုက် အချို့သော Hazard Map များ ရှိပြီးဖြစ်သော်လည်း ယခု ရာဂီကဲ့သို့ ထူးခြားဖြစ်စဉ်မျိုးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာကြောင်း၊ AI , GIS နှင့် Remote Sensing ကဲ့သို့ ခေတ်မီနည်းပညာများအသုံးပြုပြီး Hazard Map နှင့် Risk Map များ ဘေးဖြစ်နိုင်ခြေအလိုက် ဆောင်ရွက်ကြရန် ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာရှုထောင့်အလိုက် အကြံပြုဆွေးနွေး အဖြေရှာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင် နွယ်က Hazard Mapping ဆောင်ရွက်နိုင်ရန် GIS ကျွမ်းကျင်သူ၊ လုပ်ငန်းနယ်ပယ် အလိုက် ကျွမ်းကျင်သူများ လိုအပ်မည်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ Mapping ဆောင်ရွက်ရာတွင် ဘေး အန္တရာယ်အမျိုးအစားအလိုက် လိုအပ်မည့် Data များလည်း ကွာခြားမည်ဖြစ်ကြောင်း၊ Table များဖြင့် ပြုစုထားသည့် Data များအပြင် Presentation ပြုလုပ်နိုင်မည့် Data များအဖြစ် Geospatial Data များလည်း လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် Map နှင့် Data များ ပေါင်းစပ်ဖော်ပြနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်အကြံပြု ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဘာသာရပ်အလိုက်၊ လုပ်ငန်းအလိုက် Risk Map နှင့် Hazard Map ရေးဆွဲရာတွင် ဌာနများအလိုက် ရှိပြီးဖြစ်သည့် အချက်အလက်များ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုများ၊ ရရှိနိုင်မည့် အရင်းအမြစ်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်