ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Aye Thi Mon

ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။ အအေးမိတာ၊ ဖျားနာတာ ကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေ ဆိုတာကကြားနေကျ စကားလေးတစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဗီတာမင် C ဆိုတာ ဘာလဲ………

ဗီတာမင် C က ascorbic acid တစ်မျိုးပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးပေါ့။

ဗီတာမင် C က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ………..

ဗီတာမင် C က ဘေဘီလေးကို

•    သွေးကြောတွေ ကျန်းမာစေတယ်။

•    အရိုးနုတွေ ကျန်းမာစေတယ်။

•    ကြွက်သားတွေ သန်မာစေတယ်။

•    တွယ်ဆက်တစ်ရှူးတွေ၊ အရေပြား တစ်ရှူးတွေကို ကျန်းမစေပြီး အသားအရေ ကောင်းမွန်စေတယ်။ အနာကျက်မြန်စေတယ်။

•    အရေပြား ပြဿနာ ကင်းစေတယ်။

•    အာရုံကြောစနစ်ကို ကျန်းမာစေပြီး ဉာဏ်ကောင်းစေတယ်။

•    အင်အားပြည့်ဝစေတယ်။

•    အရိုးနဲ့သွားတွေ သန်မာစေတယ်

•    ကိုယ်ခံအား ကောင်းစေတယ်။

ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပြည့်ဝစွာ ပါဝင်စေဖို့ အလွယ်ကူဆုံး ပြင်ဆင်ပေးလို့ ရမယ့် အစားအစာလေးတွေကတော့

လိမ္မော်သီး ဖျော်ရည်

ကလေးက အချိုကြိုက်တယ်၊ အချိုရည်တွေ သောက်မယ်ဆိုတဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ဒီတော့ အလွယ်ကူဆုံးလည်း ဖြစ်မယ်။ ဗီတာမင် C လည်း ကြွယ်ဝဖို့ဆိုရင် ကလေးကို လိမ္မော်သီးလေးတွကို အမွှာလိုက်လေးတွေ ခွာထုတ်ထားတဲ့ အသီးဖတ်လေးတွေနဲ့ လိမ္မော်သီး ဖျော်ရည်လေး ဖျော်ပေးတာပါ။

ပန်းဂေါ်ဖီစိမ်းကင်

ပန်းဂေါ်ဖီစိမ်းကို ထောပတ်နဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာလေး သုတ်ပေးပြီး မီးအေးအေးလေးမှာ ကင်ကျွေးတာကလည်း ကလေးကို ဗီတာမင် C ပြည့်ဝစေပြီး ခံတွင်းတွေ့စေမှာပါ။

စတော်ဘယ်ရီသီး ဖျော်ရည်

စတော်ဘယ်ရီသီးကို နွားနို့လေးနဲ့ ခေါက်ပြီး ဖျော်ရည်လုပ်တိုက်တာကလည်း လွယ်ကူရိုးစင်းပြီး ကလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်းပါ။

ကြက်သားအာလူးကပ်ကြော်

ပြုတ်ထားတဲ့ ကြက်သားလေးတွေကို ခပ်သေးသေးလေး တုံးပြီး ပြုတ်ထားတဲ့ အာလူးလေးကို ကြိတ်ခြေလို့ ရောနယ်ပြီး အရွယ်တော်လေးတွေ ကြော်ပေးတာက ကလေးကို အကြိုက်တွေ့စေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပေါ့။

ပန်းသီး

ကလေးအများစု စကားသင်စမှာတင် ပြောတတ်တဲ့ apple ပန်းသီးလေးက ရင်သွေးလေးအတွက် ဗီတာမင် C ပြည့်ဝစေမယ့် အစားအစာတစ်မျိုးပါ။ ပန်းသီးလေးကို ရေစင်အောင်ဆေးပြီး အရွယ်တော်လေးတွေ တုံးပေးလို့ ပြင်ဆင်ပေးလို့ ရပါသေးတယ်။

မေမေ့ ရင်သွေးလေး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ဆိုရင် အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါတွေက ကလေးတွေလည်း အကြိုက်တွေ့မှာဖြစ်ပြီး လုပ်ပေးရတာလည်း လွယ်ကူပါတယ်။

ဒါကြောင့် ဘေဘီလေးကို ရောဂါမျိုးစုံက ကာကွယ်ပေးဖို့  ဗီတာမင် C ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။