ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

၂၉ ဇူလိုင်

 

ဘေဘီလေးတွေရဲ့ နုနယ်တဲ့ အရေပြားက ထိခိုက်လွယ် ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား……….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

 

ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

 

အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာ ယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင် -

 

ရေအေးဝတ် ကပ်ပေးပါ

 

အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှ မဟုတ် ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာက ရောင်ရမ်းမှုကိုရော ယားယံမှုကိုပါ သက်သာစေမှာပါ။

 

ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ ၅ မိနစ် ကြာတိုင်း ခဏ နားပေးပါ။ အအေးကြောင့် အရေပြား မလောင်စေဖို့ပါ။

 

ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ

 

အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါ။ ဒီလို ချိုးပေးတာက ယားယံမှု နဲ့ မအီမသာ ဖြစ်တာကို သက်သာစေနိုင် ပါတယ်။

 

ဒိန်ချဉ်

 

ဒိန်ချဉ်က အရေပြားက အင်ပျဉ်ကို သက်သာ စေနိုင်ပြီး ကိုယ်ခံအား ကိုပါ အားဖြည့်ပေး ပါတယ်။ ဒိန်ချဉ် မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက အင်ပျဉ်ကြောင့် ယားယံမှုကို သက်သာစေနိုင် ပါတယ်။

 

ဒါကြောင့် ဘေဘီလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ ဒိန်ချဉ် အသုံးပြုပေးလို့ ရပါတယ်။

 

သခွားသီး

 

သခွားသီးက အင်ပျဉ်တွေကို သက်သာစေပြီး နာကျင် ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်။ သခွားသီးကို အုတ်ဂျုံနဲ့ ရောကြိတ်ပြီး အနှစ်လေး ဖြစ်အောင် လုပ်ပါ။ ဒီ အနှစ်ကို ဘေဘီလေး အရေပြားပေါ်မှာ လိမ်းပေးတာက အင်ပျဉ်ကို သက်သာစေမှာပါ။

 

သံလွင်ဆီ

 

သံလွင်ဆီက အရေပြားကို အစိုဓာတ် ဖြည့်ပေးသလို အရေပြားက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေး ပါတယ်။ ဒါကြောင့် ဘေဘီလေးက အင်ပျဉ် ဖြစ်တဲ့အခါ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတဲ့ သံလွင်ဆီ လိမ်းပေးလို့ ရပါတယ်။

 

ငှက်ပျောခွံ

 

ငှက်ပျောခွံက အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရေဓာတ် ဖြည့်ပေးပါတယ်။ ဒါကြောင့် အင်ပျဉ် ဖြစ်တဲ့အခါ ငှက်ပျောခွံကို အင်ပျဉ်ဖြစ်တဲ့နေရာကို ကပ်ပေးရုံပါ။

 

ဒါတွအပြင် အုန်းဆီ လိမ်းပေးတာ၊ မိခင်နို့ရည် လိမ်းပေးတာတွေကလည်း ဘေဘီလေးရဲ့ အင်ပျဉ်ကို သက်သာစေမှာပါ။

 

သဘာဝပစ္စည်းလေးတွေကို အသုံးပြုရတဲ့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဘေဘီလေးတွေကို အင်ပျဉ် သက်သာစေဖိုပ လုပ်ဆောင်ပေးလိုက်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်