ဘေဘီလေးရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်

၂၉  စက်တင်ဘာ

 

ကိုယ့်ကလေးလေးကို မွေးလာပြီဆိုတည်းက အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်ကြတာ မိဘတိ်ုင်းပါ။ အချိန်ပြည့်ကလေး အရိပ်အခြေကို စောင့်ကြည့်ပြီး ပြုစုနေတဲ့ကြားက မိဘတွေ စိုးရိမ်ထိတ်လန့်စရာ  အပြုအမူတွေ ကလေးဆီမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေတာမျိုးပေါ့။

 

ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေပြီဆိုတာနဲ့ မိဘတော်တော်များများက စိုးရိမ်သွားတတ်ကြပါတယ်။ ကလေးကျန်းမာရေးတစ်ခုခုဖြစ်နေပြီလား မတည့်တာတွေစားမိပြီး အမြှုပ်ထွက်နေတာလားပေါ့။ ဒီလိုပဲ ပုံမှန်ဖြစ်တတ်လားပေါ့။ ကဲဒီတော့ ဘေဘီလေးတွေ ပါးစပ်က အမြှုပ်ထွက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာများလဲ ။

 

ဘာ့ကြောင့် ကလေးတွေ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတတ်တာလဲ ။

ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပုံမှန် တံတွေးနဲ့လေနဲ့ရောပြီး အမြှုပ်ထတာဖြစ်နိုင်သလို ကလေးရဲ့လေကြောင်းလမ်းပိတ်ပြီး အသက်ရှူမရတာကြောင့် မျိုးတွေ လဲဖြစ်နိုင်ပါတယ်။ ကဲဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

 

( ၁ ) ကလေးကို နို့အများကြီးတိုက်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။

မွေးကင်းစ ကလေးလေးတစ်ယောက်က တစ်ခါသောက်ရင် နို့တစ်အောင်စကနေ နှစ်အောင်စလောက်အထိပဲ သောက်နိုင်တာပါ။ ဒါကို ကလေးဗိုက်ပြည့်စေချင်တဲ့စေတနာနဲ့ အများကြီးတိုက်မိလို့ရှိရင် နို့တွေကို ကလေးကပြန်ထုတ်ရင်းနဲ့ ပါးစပ်မှာအမြှုပ်လေးတွေ စီနေတတ်ပါတယ်။ ကလေးသဘာဝအရ  အိပ်နေရင်းနဲ့လည်း တံတွေးတွေကို မျိုချမိတတ်တာကြောင့် တံတွေးနဲ့လေနဲ့ ရောသွားပြီး အမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။

 

နို့တိုက် နေတဲ့အချိန်မှာတော့ ကလေးနို့တိုက်တာများသွားလား မများဘူးလားဆိုတဲ့ ပမာဏကို စစ်ဆေးကြည့်လို့ မရပေမယ့် နို့တိုက်တဲ့ အချိန်ကိုတော့ တစ်ချက်ကြည့်လို့ရပါတယ်။ မွေးကင်းစကလေးတွေကို နို့တစ်ခါတိုက်ရင် တစ်ဘက်စီကို ၁၀ မိနစ်လောက်ပဲ ကြာသင့်ပါတယ်။ တကယ်လို့ကလေးက နို့မဝသေးတဲ့ ပုံပေါက်ရင် ၁၅ မိနစ်လောက် နားပြီးမှ တစ်ခါ ပြန်တိုက်ပါ။

 

ကလေးကို နို့ဘူးတိုက်နေတယ်ဆိုရင်တော့ မှန်ကန်တဲ့နို့ဘူးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ နို့ဘူးရဲ့ နို့သီးခေါင်းက  အပေါက်က အရမ်းကျယ်နေတဲ့အခါ ကလေးတစ်ခါစုပ်လိုက်တိုင်း နို့အများကြီးနဲ့ လေတွေ ဝင်သွားတတ်ပြီး ကလေး လေအောင့်တာ၊ ပါးစပ်ကနေ အမြှုပ်ထွက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

( ၂  ) ကလေးဗိုက်ထဲမှာ လေတွေရှိနေတာ ဖြစ်နိုင်တာကြောင့် ကလေးကို လေထုတ်ပေးပါ။

ကလေးတွေကို လေထုတ်ပေးဖို့ဆိုတာ အရေးကြီးတဲ့အရာတစ်ခုပါ။ အထူးသဖြင့် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးဖို့က ပိုလို့တောင် အရေးကြီးပါသေးတယ်။ မဟုတ်ရင် နို့တွေ ပြန်အန်တာနဲ့ အိပ်နေချိန် ပါးစပ်ကအမြှုပ်တွေစီနေတာမျိုး ဖြစ်တတ်ပါတယ်။

 

ကလေးလေးထုတ်ပေးတဲ့နေရာမှာ လူသုံးများဆုံး နည်းလမ်းကတော့ ကလေးကိုချီလျက်အနေအထားနဲ့ ကလေးခေါင်းလေးက ကိုယ့်ပခုံးပေါ်မှာ မှီနေပြီး သူတို့ရဲ့ ဗိုက်လေးက ကိုယ့်ရဲ့ရင်ဘတ်ပေါ်မှာ ကပ်နေပါစေ။ ဒီလိုအနေအထားနဲ့ ကလေးကိုချီထားပြီး ကလေးကျောလေးကို ဖွဖွလေးနှိပ်ပေးပြီး လေထုတ်ပေးလို့ရပါတယ်။

နောက်တစ်နည်းကတော့ ကလေးကို အိပ်ရာပေါ်မှာ မှောက်ထားပါ။ မှောက်ထားတဲ့အခါ အစာအိမ်ပေါ် ဖိအားတစ်ခုသက်ရောက်သွားတာကြောင့် လေထွက်သွားမှာပါ။ ဒါမှ လေမထွက်သေးရင် ကလေးရဲ့ ခြေထောက်တွေကို မြှောက်လိုက်ချလိုက်လုပ်ပြီး လေထုတ်ပေးလို့ရပါတယ်။

 

( ၃ ) ရေမြွှာရေ တွေကလည်း ကလေးပါးစပ်ကနေ အမြှုပ်တွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

တစ်ခါတစ်ရံ မွေးကင်းစကလေးတွေရဲ့ ဗိုက်ထဲမှာ ရေမြွှာရေတွေ မျိုချထားမိတတ်တာကြောင့် အဲဒီ ရေတွေကိုပြန်ထုတ်တဲ့အနေနဲ့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။ ဒီလိုရေမြွှာရေတွေ ပြန်အန်ထုတ်တဲ့အခြေအနေက မွေးပြီး ၂ ရက် ၃ ရက်လောက်ဆို ပြန်ပျောက်သွားတတ်ပါတယ်။

 

( ၄ ) အစာခြေရည်ပြန်ဆန်တက်ခြင်း

အစာခြေရည်တွေ ပြန်ဆန်တက်တဲ့ ပြဿနာရှိတဲ့ ကလေးတွေက အခြားသူတွေထက် ပိုပြီးပါးစပ်မှာ အမြှုပ်လေးတွေ စီနေတတ်ပါတယ်။

 

ဒီလို နို့သောက်ပြီးတာနဲ့ ပါးစပ်မှာ အမြှုပ်တွေ ပြန်ထွက်တတ်တဲ့ အစာခြေရည်ပြန်ဆန်တက်တဲ့ ပြဿနာရှိတဲ့ကလေးကို ဘေးစောင်းပြီး သိပ်တာပိုကောင်းပါတယ်။ ပက်လက်အနေအထားနဲ့ အိပ်ခိုင်းရင် အစာခြေရည်တွေ ပိုဆန်တက်နိုင်ပြီး နို့သီးနိုင်လို့ပါ။

 

နောက်ပြီး အစာခြေရည်ပြန်ဆန်တက်တာကို ုကာကွယ်ချင်ရင် ကလေးကို ခေါင်းဦးထားပြီးသိပ်တာ ( ဒါမှမဟုတ်) ကလေးအိပ်တဲ့အိပ်ရာကို ခေါင်းပိုင်းနည်နးည်းလေး မြှင့်ထားတာမျိုးလုပ်ပေးလို့ရပါတယ်။

ကလေးရင်ဘတ်လေးကိုလည်း ဖွဖွလေးပွတ်ပေးလို့ရပါတယ်။

 

( ၅ ) ရောဂါပိုးဝင်ခြင်း။

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ကလေးလေပြွန်ရောင်တာ ၊ အဆုတ်ပွ အဆုတ်ရောင်တဲ့ပြဿနာတွေဟာ ကလေးတွေ အိပ်နေရင်းနဲ့ ပါးစပ်ကနေ အမြှုပ်တွေစီနေရခြင်းရဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ပါးစပ်က အမြှုပ်စီတာတစ်ခုတည်းမဟုတ်ဘဲ ကလေးကဖျားတာ၊ ချောင်းဆိုးတာ ၊ အသက်ရှူရခက်နေတာမျိုးတွေ ပါရှိရပါမယ်။ လေကြောင်းပိတ်ပြီး ကလေးအသက်ရှူရခက်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ လှဲအိပ်နေတဲ့ ကလေးကို ချက်ချင်းထောင်လိုက်ပါ။ ဒီလို အခြေအနေသာရှိတယ်ဆိုရင်တော့ အမြန်ဆုံး ကလေးဆရာဝန်ဆီ ပြေးတာပိုကောင်းပါလိမ့်မယ် ။

 

ဒါတွေကတော့ ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေကိုသိထားမှာ ကိုယ့်ကလေးပါးစပ်က အမြှုပ်တွေက ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာ မြန်မြန်ဆန်ဆန်သိပြီး စိုးရိမ်စရာရှိရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားပြနိုင်မှာ ဖြစ်ပါတယ်။

 

ရေးသားသူ - Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”