ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

၂၇  အောက်တိုဘာ

 

ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာကြို့ထိုးတတ်တယ်ဆိုတာကိုတော်တော်များများက ယုံတမ်းစကားလို့ ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာရှိနေစဉ် ကာလကတည်းကိုက ကြို့ထိုးတတ်ကြပါတယ်နော်။ ဒါကဖြစ်လေ့ဖြစ်ထကိစ္စတစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။

 

ဘေဘီလေးကမေမေ့ဗိုက်ထဲမှာကြို့ထိုးတာက ပုံမှန်ပဲလား

 

သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါက သန္ဓေသားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေး အဆုတ်ဖွံ့ဖြိုးမှု စတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။

 

ဘယ်အချိန်မှာဖြစ်နိုင်လဲ

 

အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။  အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုး ခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။

 

ကန်တာလား၊ ကြို့ထိုးတာလား

 

ဗိုက်ထဲက လှုပ်ရှားမှုတိုင်းက ကလေးကြို့ထိုးနေတာကြောင့် မဟုတ်ပါဘူးနော်။ ကလေးက အရွယ်လေးရောက်လာတာနဲ့ အမျှမေမေ့ဗိုက်ထဲမှာ ကန်တာမျိုးကိုလည်း လုပ်တတ်ကြပါတယ်။ ကလေးက တစ်ခါတလေနေရတာ သက်တောင့်သက်သာမဖြစ်တာကြောင့် ပုံစံပြောင်းတဲ့အခါမျိုးမှာလည်း ဗိုက်ထဲမှာ လှုပ်ရှားမှုကို ခံစားရနိုင်ပါတယ်နော်။ ပူလွန်းတဲ့အစားအစာ၊အေးလွန်းတဲ့အစားအစာ နဲ့ ချိုတဲ့ အစားအစားစားသုံးလိုက်တဲ့ အခါမှာဖြစ်တဲ့ လှုပ်ရှားမှုက ကြို့ထိုးတာမဟုတ်ပါဘူး။ ကလေးကနေရထိုင်ရ သက်တောင့်သက်ဖြစ်စေဖို့ ပုံစံပြောင်းတာပါ။

 

လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။

 

ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲက တစ်နေရာတည်းကနေ စည်းချက်ညီညီလေး ခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။

 

ဘေဘီလေးက ဗိုက်ထဲမှာ ဒါတွေလည်းလုပ်တတ်ပါသေးတယ်

 

ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ ဘေဘီလေးကမေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ ခန္ဓါကိုယ်ကို ဘယ်၊ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းကပြင်ပကအသံတွေကိုကြားနေသလို အနံ့လည်းခံတတ်ပါတယ်။မြင်လည်းမြင်နေရပြီဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။

 

ဗိုက်ထဲကဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

ဘေဘီလေးတွေ ဗိုက်ထဲကနေ ကြို့ထိုးတာက နာကျင်မှုမရှိပေမယ့် မေမေတို့ကို အာရုံစိုက်ရခက်စေပြီး စိတ်ပူစေတာတော့အမှန်ပဲနော်။ ပြီးတော့ ကြို့ထိုးတာက အများဆုံးကြာမှ ၁၅ မိနစ်ပါ။ ညအိပ်ချိန်မှာဆိုရင်တော့ မေမေတို့ အိပ်ရေးပျက်ပြီပေါ့။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုပြောမယ့် နည်းလမ်းလေးတွေက အသုံးတည့်မှာပါနော်။

 

ဘယ်ဘက်စောင်းအိပ်ပေးပါ။

 

ဗိုက်ကိုခေါင်းအုံးလေးနဲ့ ထိထားပေးပြီး သက်တောင့်သက်သာနေပေးပါ။

 

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတွေကို စားပေးပါ။

 

လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အချိန်အထိ သင့်တင့်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

 

ရေများများသောက်ပေးပါ။

 

ညအိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ထားပေးပါ။

 

နေ့ခင်းတစ်ရေးလောက်အိပ်ပေးပါ။

 

ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးနေပြီလို့သာမှတ်လိုက်ပါတော့။ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….

 

 

ရေးသားသူ - Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်