ဘေဘီလေးတွေရဲ့ ဆီးသွားခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

၂၄  အောက်တိုဘာ

 

ဘေဘီအတွက် အရာရာကို စိုးရိမ်တတ်တာက မေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးရဲ့ ဆီးသွားတာနဲ့ပတ်သက်လို့ ပြောပါရစေနော်။

 

ဘေဘီလေးတွေက ဆီးခဏဏသွားတတ်လား

ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားက အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဗူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။ မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။

 

ကလေးကမွေးစမှာ ဆီးမသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိခင်နို့ကိုပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်ကကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။

 

ကလေးရဲ့ ဆီးအရောင်က ဘယ်လိုပြောင်းလာမလဲ

မွေးပြီး ပထမနေ့မှာ ကလေးဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။

မွေးပြီး ဒုတိယနေ့မှာ ကလေးဆီးအရောင်က လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးပြောင်းလာပါမယ်။

မွေးပြီး တတိယနေ့မှာ ကလေးဆီးအရောင်က အဝါရောင်တောက်တောက် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။

မွေးပြီး စတုတ္ထနေ့မှာ ကလေးဆီးအရောင်က သံပရာခွံရောင်တောက်တောက်လေး ဖြစ်နိုင်ပါတယ်။

မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ ဆီးအရောင်က အဝါရောင်ဖျော့ဖျော့လေးဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေက ဘယ်လောက်တစ်ကြိမ်ဆီးသွားတတ်လဲ

မွေးပြီး ပထမနေ့မှာ တစ်နေ့တာအတွင်း တစ်ကြိမ်ဆီးသွားပါမယ်။

မွေးပြီး ဒုတိယနေ့မှာ တစ်နေ့တာအတွင်း နှစ်ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။

မွေးပြီး တတိယနေ့မှာ တစ်နေ့တာအတွင်း ၃ ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။

မွေးပြီး စတုတ္ထနေ့မှာ တစ်နေ့တာအတွင်း ၄ ကြိမ်လောက်ဆီးသွားနိုင်ပါတယ်။

မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ တစ်နေ့တာအတွင်း ၆ ကြိမ် ကနေ ၈ ကြိမ်လောက်အထိဆီးသွားနိုင်ပါတယ်။

ဘေဘီလေးဘာကြောင့် ဆီးမသွားတာလဲ

ဘေဘီလေးက ဆီးမသွားတာဟာ မိခင်နို့မဝတာကြောင့် ဖြစ်နိုင်သလို ရေသောက်သုံးမှုနည်းတာကြောင့် ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘောင်းဘီ သားရေကြိုး ကျပ်ကျပ်ဝတ်ပေးမိတဲ့အခါမှာလည်း ဘေဘီလေးတွေက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ရေသောက်သုံးမှုပမာဏ၊ အဖျားရှိနေတာ၊ ဝမ်းလျှောနေတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့်လည်း ကလေးကဆီးမသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကျောက်ကပ်ထိခိုကတာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုး ဖြစ်နိုင်ပါတယ်။

 

စိုးရိမ်ရမယ့်အခြေအနေတွေ

ကလေးကဆီးသွားတဲ့အကြိမ်ရေ တိုးမလာဘူးဆိုရင်

 

ကလေးကအရွယ်ရလာတာနဲ့အမျှ ဆီးသွာတဲ့အကြိမ်ရေတိုးလာရပါမယ်။ ဒီလိုတိုးမလာဘူး။ တစ်နေ့ကို ၆ ကြိမ်တောင် ဆီးမသွားဘူးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါနော်။

 

ဆီးသွားတဲ့အခါနာကျင်နေမယ်ဆိုရင်

 

ကလေးကဆီးသွားတိုင်းငိုနေမယ်၊ ဆီးသွားတိုင်း မသက်မသာဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

 

ဆီးအရောင်ရင့်နေမယ်ဆိုရင်

 

ကလေးရဲ့ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေမယ်ဆိုရင် ကလေးက ရေသောက်နည်းနေတာ ဖြစ်နိုင်ပါတယ်။ မွေးစအရွယ်မှာတော့ မိခင်ကရေများများသောက်ပြီး ကလေးကို နို့များများတိုက်ပေးပါ။

 

ဆီးသွားရင်သွေးပါမယ်ဆိုရင်

 

ပုံမှန်အားဖြင့်ကတော့ မီးမီးလေးတွေမှာ ဖြစ်တတ်ပါတယ်။ မွေးပြီးသိပ်မကြာခင်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။

 

ဘေဘီလေးကို ဆီးပုံမှန်သွားစေဖို့ဆိုရင် ဆီးတည်ပေးရပါမယ်။ အိပ်ရာကနိုးလာတဲ့ အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် သိပ်ခါနီးမှာ ဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်က ရေဓါတ်လုံလောက်အောင် လုပ်ပေးဖို့ပါ။ အဝတ်အစားတွေကိုလည်း သက်တောင့်သက်သာ ချောင်ချောင်ချိချိ ဝတ်ပေးဖို့လည်း မေ့လို့မဖြစ်ပါဘူးနော်။

 

ရေးသားသူ- Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”